Wednesday, May 26, 2010

ကျောက်ဖြူမှ ရွှေလီသို့ ကီလို ၁၀၀၀ ကျော်ရှည်သော ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတပ်ဆင်ရန် စီစဉ်

ကီလိုမီတာ ၁၀၀၀ ကျော်ခန့် ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းအား ကျောက်ဖြူမြို့မှ ရွှေလီမြို့သို့ သွယ်တန်းတပ်ဆင်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကီလိုမီတာ ၁၀၀၀ ကျော်ခန့် ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းပြီးပါက မြန်မာနိုင်ငံကမ်းလွန်ဓာတ်ငွေ့တွင်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့မှ ရွှေလီမြို့သို့ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာတွင် ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းရိုးမ တောင်တန်းတို့ကို ဖြတ်သန်းသွားရမည့်အပြင် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်နှင့် သံလွင်မြစ်ကိုပါ ဖြတ်သန်းသွယ်တန်း ရမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းနှင့် အတူ တရုတ်-မြန်မာစင်္ကြံလမ်းမကြီးနှင့် မီးရထားလမ်းကိုပါ ဆက်သွယ်ဖောက်လုပ်ရန်အတွက် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့်မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

"ဒီဓာတ်ငွေ့ပိုက်လိုင်းနဲ့အတူ မီးရထားလမ်းနဲ့ မော်တော်ကားလမ်းမကြီးပါ ဖောက်လုပ်ပြီးစီးသွားရင်တော့ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကြား ကုန်စည်ကူးသန်းရောင်းဝယ်မှုကဏ္ဍတွေမှာ အရမ်းလွယ်ကူကောင်းမွန်သွားမှာပါ။ အခုဆိုရင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုလည်း တရုတ် ပြည်က CHEC ကုမ္ပဏီနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင်တည်ဆောက်နေပါတယ်"ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောဆိုခဲ့သည်။

@eleven media

No comments: