Saturday, April 30, 2011

ဓာတ်ငွေ့သယ် ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး

ကိုဝိုင်း

ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၃၆ မိနစ်



“မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲ (ဓါတ်ပုံ မြန်မာ့အလင်း)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပါ မူဆယ်-လားရှိုး ရထားလမ်းပိုင်းကို ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဟု မြန်မာ-တရုတ် အစိုးရများအကြား ဗုဒ္ဓဟူးနေ့တွင် သဘောတူညီလိုက်သည်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ဒေသမှ ရေနံနှင့် ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းရန် ရည်ရွယ်တည်ဆောက်မည့် ကျောက်ဖြူ-မူဆယ် ပိုက်လိုင်းတလျှောက် ရထားလမ်းစီမံကိန်း၏ ပထမအဆင့်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာ၌ ကြာသပတေးနေ့တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် China Railway Engineering Corporation အကြား “မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို နေပြည်တော်၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ရာ၊ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။

China Railway Engineering Corporation ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Li Chang Jin ဦးဆောင်သည့် အဖွဲ့အပြင် မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ရှေ့နေချုပ်လည်း တက်ရောက်ကြသည်။

လက်ရှိအစိုးရ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ Zhao Deyi တို့က စာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

မူဆယ်-လားရှိုး ရထားလမ်းအရှည် မိုင် ၈ဝ ခန့်၊ တံတား ၄၁ စင်း၊ ဥမင်လိုဏ် ၃၆ ခု၊ ဘူတာ ၇ ခု တည်ဆောက်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် ၃ နှစ် ခန့်မှန်းထားကြောင်း သတင်းစာက ဆိုသည်။

စီမံကိန်းကုန်ကျငွေကို ယခင် စစ်အစိုးရက တရားဝင် ကြေညာခဲ့ခြင်း မရှိသော်လည်း တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘောဝလုပ်ငန်းတို့ အစုပိုင်သည့် ရေနံပိုက်လိုင်း တည်ဆောက်ရေးအတွက်ပင် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ ခန့်ကျော် ကုန်ကျမည်ဟု ရွှေဂတ်စ် လှုပ်ရှားမှု ရခိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ် လောင်စာပိုက်လိုင်းကုမ္ပဏီ China Petroleum Pipeline Bureau (CPP) က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး မဒေးကျွန်းမှ စတင်မည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံသို့ မူဆယ်မှ ဝင်ရောက်မည်။

“ပိုက်လိုင်းက ရှမ်းပြည်မြောက်ပိုင်းက လားရှိုး-မူဆယ်ကားလမ်းရဲ့ အရှေ့ဘက်အတိုင်း ဆင်းလာပြီး၊ ၁ဝ၅ မိုင်နားကနေ ဝမ်တိန်မြို့ဘက်၊ ကြူကုတ်-ပန်ဆန်းနဲ့ မူဆယ်မြို့ကြားကနေဝင်မှာ။ ရထားလမ်းက ရွှေလီအထိ ရောက်မယ်” ဟု တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ပိုက်လိုင်းဖြတ်မည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ တရုတ်နယ်စပ်ဆင်းသည့် လမ်းကြောပေါ်တွင် ကိုးကန့် လက်နက်ကိုင်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၄ တို့ အခြေစိုက် လှုပ်ရှားနေသော်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေး ပျက်မည်ကို လိုလားကြမည် မဟုတ်ဟု သူက သုံးသပ်သည်။

ရခိုင်ပြည်နယ်ဘက်တွင် ပိုက်လိုင်းဖြတ်မည့်လမ်းနှင့် မလွတ်ကင်းသည့် မြေယာများကို သိမ်းဆည်းရာ၌ နစ်နာသူများ ရှိသော်လည်း ရမ်းဗြဲကျွန်း ဖွံ့ဖြိုးလာမည်ကိုမူ ကြိုဆိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်က ပြောသည်။

“ဒါပေမဲ့ ကျောက်ဖြူမှာ ရခိုင်လူထု ပျောက်ပြီးမှ မန္တလေးလိုဟာမျိုးပေါ့ဗျာ၊ တရုတ်မြို့ကြီး ဖြစ်သွားပြီးရင် ရခိုင်တွေက တောင်ကုတ်လို ဂျိုင့်တွေ၊ တောင်တွေကြားကို ရောက်သွားပြီး လုပ်စားရမဲ့ ကိုင်စားရမဲ့ ဖြစ်သွားမှာကို ကျနော်တို့ ကြောက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်စခန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရေးစခန်း၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်ပြီး ကိုရီးယားပိုင် ဒေဝူးကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများက စတင်နေပြီဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်း အပြီးသတ်မည်ဟု တရားဝင် သတင်းများက ဆိုသည်။

အစိုးရအသစ်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကလည်း “တပ်မတော် အစိုးရ” လက်ထက်က မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ၂ နှစ်၊ ၃ နှစ်အတွင်း ပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဟု ပြောဆိုထားသည်။
တရုတ်နယ်စပ် မူဆယ်ဘက်တွင်မူ ရထားလမ်းသစ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသော်လည်း သံမဏိပိုက်လုံးရှည်များ ၁ဝ ဘီးကားများဖြင့် မြန်မာဘက် တင်ဆောင်နေသည်ကို ယခင်လမှစ၍ သတိထားမိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

credit to မဇ္စျိမသတင်း

ကျောက်ဖြူ ပြည့်တန်ဆာခန်းများ အာဏာပိုင်များ ကာကွယ်ပေးနေ

ခင်ဦးသာ Friday, 29 April 2011 16:31 .

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရပ်ကွက်တချို့၌ ကာရာအိုကေဆိုင်များ၊ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာပြီး ထိုလုပ်ငန်းများ၏ လုံခြုံရေးကို သက်ဆိုင်ရာ အာဏာပိုင်များက အခကြေးငွေယူကာ
တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။


မဒေးကျွန်းပေါ်မှ ရေနက်ဆိပ်ကမ်း တရုတ် စီမံကိန်း (ဓာတ်ပုံ - နိရဉ္စရာ)

“ည ၉ နာရီ၊ ၁၀ နာရီလောက်ဆိုရင် ရေနက်ဆိပ်ကမ်းအတွက် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေက ပိုက်ဆိပ် ရပ်ကွက်ဘက်ကို အလှူသွားသလိုပဲ အစုလိုက် အပြုံလိုက် သွားနေကြတာ။ သူတို့ရဲ့လုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေက တာဝန်ယူပေးထားတယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။


ကျောက်ဖြူမြို့တွင် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာကြောင်း၊ ရန်ကုန်မြို့မှ လိင်အလုပ်သမ ရာနှင့်ချီ ခေါ်ဆောင်လာကာ ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ စေတီတောင် ရပ်ကွက်တို့၌ ဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်းများတွင် လုပ်ကိုင်ခိုင်းထားကြောင်း သိရသည်။

ထိုလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြသောကြောင့် ဒေသခံများက ၎င်းတို့၏ သားသမီးများ၊ ပညာသင်အရွယ် လူငယ်များအတွက် စိုးရိမ်မှုများဖြစ်နေကြသည်ဟု မြို့ခံများက ဆိုသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ တည်ဆောက်နေသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင် စက်ရုံစီမံကိန်း လုပ်ငန်းများအတွက် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ၏ လိင် ဖြေဖျော်ရေးအတွက် အဆိုပါ ပြည့်တန်ဆာခန်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။

စီမံကိန်းလုပ်ငန်းများအတွက် တရုတ်နိုင်ငံသားများ ထောင်နှင့်ချီ၍ ကျောက်ဖြူမြို့သို့ ရောက်ရှိနေပြီး မေလနှင့်ဇွန်လတွင် တရုတ်နိုင်ငံသား ၁၀၀၀ ခန့် ထပ်မံရောက်ရှိဦးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်ဖြူမြို့သို့ ရောက်လာစဉ် ပြောဆိုသွားကြောင်း မြို့ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် တဦးက ပြောသည်။

“ဦးလှမောင်တင်က တရုတ်တွေရဲ့လုံခြုံရေး၊ နေထိုင်ရေးတွေကို ဒေသခံတွေ ပါဝင်ကူညီပေးဖို့လည်း ပြောသွားတယ်။ ဒီအပေါ်မှာ မြို့ခံတွေက ၀န်ကြီးချုပ်ကို မကျေမနပ် ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ကျောက်ဖြူမြို့သို့ ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူ တဦးအနေဖြင့် လာ ရောက်ခဲ့သော်လည်း ကြံ့ဖွံ့ပါတီဝင်များနှင့်သာ တွေ့ဆုံခဲ့ပြီး တခြားသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များနှင့် တွေ့ဆုံမှုမရှိခဲ့ဟု သိရသည်။

“သူက ကြံ့ဖွံ့ပါတီဝင်ဆိုပေမယ့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေပြီလေ။ ဒါပေမယ့် ပါတီစွဲ ပုဂ္ဂိုလ်စွဲ ထားနေတုန်းပဲ။ ဒေသခံ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီဝင် တဦးက ဝေဖန်သည်။

ကျောက်ဖြူမြို့ပေါ်၌ ပြည့်တန်ဆာလုပ်ငန်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ကိစ္စကိုမူ ပြည်နယ်ဝန်ကြီးက တစုံတရာ ပြောဆိုသွားခြင်း မရှိဟု သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်အပြင် အဖွဲ့ဝင် ၀န်ကြီးများသည်လည်း ကျောက်ဖြူမြို့သို့ မကြာခဏ ရောက်ရှိနေသည့်တိုင် ထိုဒေသ တ၀ိုက်၌ ဒေသအာဏာပိုင်များ၏ ခြိမ်းခြောက်မှု၊ ဒေသခံ စစ်တပ်၏ ဆက်ကြေး မတရားတောင်းခံနေမှု၊ အခွန်အခ မတရား

ကောက်ခံနေမှု များသည် တစုံတရာ အပြောင်းအလဲမရှိဘဲ ပိုမိုဆိုးလာသည်ဟု ကျောက်ဖြူဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းပေါ်ပေါက်ပြီးနောက်ပိုင်းတွင် လုံခြုံရေးအတွက်ဟုဆိုကာ စစ်တပ်အင်အားတိုးချဲ့လာပြီး ကျောက်ဖြူ လေတပ်စခန်း ဌာနချုပ် လက်အောက်ခံ စစ်တပ်မှ စက်လှေများသည် ပင်လယ်ပြင်အား ကြီးစိုး၍ ဆက်ကြေး တောင်းခံခြင်းများ ဆက်တိုက် လုပ်နေကြောင်း သိရသည်။

“ကျောက်ဖြူဆိပ်ကမ်းကို ဘယ်လိုလှေမျိုးပဲ လာလာ ပိုက်ဆံတောင်းတယ်၊ ပင်လယ်ထဲမှာ စစ်တပ်စက်လှေတွေ ဟိုနားတစင်း၊ ဒီနားတစင်း ဖြန့်ချထားပြီး မြင်တဲ့ စက်လှေတိုင်းကို ကပ်ခိုင်းတယ်၊ လှေပေါ်တွေ့တာယူတယ်၊ ပိုက်ဆံတောင်းတယ်၊ ကပ်ခိုင်းလို့ မကပ်ပေးရင် သေနတ်နဲ့ ပစ်တယ်” ဟု ကျောက်ဖြူ - တောင်ကုတ် ပြေးဆွဲနေသော စက်လှေပိုင်ရှင် တဦးက ဆိုသည်။

“မြို့ပေါ်သွားရင် ဟိုပစ္စည်းဝယ်လာပေးပါ၊ ဒီပစ္စည်းဝယ်လာပေးပါ ဆိုပြီးမှာတယ်။ ၀ယ်လာပေးပြီးရင် ပိုက်ဆံပြန်မပေးဘူး၊ကျေးဇူးပဲ သွားလို့ရပြီ ဆိုပြီး ပြောတယ်” ဟု စက်လှေပိုင်ရှင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

မောင်းလာသည့် စက်လှေအား ပိုက်ဆံတောင်းရန် ကမ်းကပ်ခိုင်းရာ အနည်းငယ်နောက်ကျသွား၍ ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်းအုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာလကသေဆုံးခဲ့ရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် ၎င်းနှင့်ဆက်နွှယ်နေသော စီမံကိန်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်း မလာကျွန်း၊ ကျောက်ဖြူမြို့ပေါ်တို့၌ အသီးသီး တည်ဆောက်နေကြပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ

ကျောက်ဖြူ - လားရှိုး - မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် မီးရထားလမ်း စီမံကိန်းကိုလည်း မကြာမီ တည်ဆောက်မည်ဟု သိရသည်။
မီးရထားလမ်း စီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ China Railway Engineering Corporation ၏ ဥက္ကဋ္ဌ Mr-Li Chang Jin ဦးဆောင်သော တရုတ်အဖွဲ့နှင့် မြန်မာအစိုးရ တို့သည် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ထိုစီမံကိန်းသည် ၃ နှစ်ခန့်ကြာမြင့်မည်ဟု ဧပြီလ ၂၈ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

@Irrawaddy