Wednesday, May 26, 2010

ကျောက်ဖြူမြစ်အတွင်း လုပ်ငန်း ခွင်သုံး ဆိပ်ခံတံတား တစ်ခု မကြာမီ တည်ဆောက် သွားမည်

ရခိုင်ပြည်နယ်အတွင်းရှိ ရေနက်ဆိပ်ကမ်းမြို့များတွင် တစ်ခုအပါအ၀င်ဖြစ်သော ကျောက်ဖြူမြို့အနီး ကျောက်ဖြူမြစ်တွင် လုပ်ငန်းသုံးဆိပ်ခံတံတားတစ်ခု မကြာမီတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ကျောက်ဖြူမြို့၌ ရေနံပိုက်လိုင်းများ သွယ်တန်းရေးနှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများကို စတင် တည်ဆောက်နေပြီဖြစ်ရာ လိုအပ်သော လုပ်ငန်းသုံး စက်ကိရိယာများနှင့် အခြားပစ္စည်းများကို ကျောက်ဖြူသို့ သယ်ဆောင်လာရန်အတွက် အဆိုပါတံတားကို တည်ဆောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်လျက် တရုတ်နိုင်ငံကူမင်းမြို့သို့ ပိုက်လိုင်းသွယ်တန်းကာ တင်ပို့သွားမည်ဖြစ်ရာ ကျောက်ဖြူမြို့တွင် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးသည် အရေးကြီးသော အပိုင်းတွင်ပါဝင်ပြီး အဆိုပါ ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် မြေနေရာကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းအတွက် လုပ်ငန်းသုံး တံတား တည်ဆောက်ရေးနှင့် မြေနေရာ ရွေးချယ်ရေးတို့အတွက် တာဝန်ရှိသူများက မေလ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ခံတံတား အမှတ်(၁)နှင့်အမှတ်(၂) တို့ရှိသော်လည်း ဒေသတွင်းသင်္ဘောများသာ ဆိုက်ကပ်လျက်ရှိပြီး ရေနံတင်ဆိပ်ကမ်းအတွက် ဆိပ်ခံတံတားကို တည်ဆောက်မည် ဖြစ်သည့်အပြင် ယခုအခါ လုပ်ငန်းသုံး တံတားတစ်ခု ကိုလည်း တည်ဆောက်မည်ဖြစ်ရာ တံတားလေးစင်းအထိ ရှိလာမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

@first-11

No comments: