Saturday, March 27, 2010

တရုတ်အင်ဂျင်နီယာ ၆၀ ဖြင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို မဒေကျွန်း၌ စတင် လုပ်ကိုင်ပြီ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံမှ ရောက်ရှိလာသော အင်ဂျင်နီယာ ၆၀ ဖြင့် စတင် အကောင်အထည် ဖေါ် ဆောင်ရွက်နေပြီ ဖြစ်သည်။

အမည်မဖေါ်လိုသူ ကျွန်းပေါ်က အမျိုးသမီး တဦးက “ တရုတ်အင်ဂျင်နီယာ ၆၀ က ရခိုင်ပြည်က အလုပ်သမား ၄၀ နဲ့အတူ အဆောက်အဦးတွေကို ကျွန်းပေါ်မှာ ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။အခု ဆောက်နေတာက အဆောက်အဦးတွေနဲ့ ကျောက်ထုတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

တရုတ်အင်ဂျင်နီယာများသည် မဒေးကျွန်းအောက်ရွာ အနီးရှိ ကျောက်တောင်တခုအားလည်း မိုင်းဖြင့် ဖေါက်ခွဲကာ ကျောက်များ ထုတ်ယူနေသည်ဟု သူမက ပြောသည်။

“ရခိုင်က အလုပ်သမားက ၄ ဆိုင်းရှိပါတယ်။ ကျွန်းပေါ်က ၃ဆိုင်းနဲ့ ကျောက်ဖြူက တဆိုင်း ဖြစ်ပါတယ်။ တဆိုင်းမှာ အလုပ်သမား ၁၀ ဦးကနေ ၁၅ ဦးထိ ရှိပါတယ်။ သူတို့ တရုတ်တွေကတော့ အလုပ်ချောတွေကို လုပ်ပီး ရခိုင်ဒေသခံတွေကိုတော့ ကျောက်သယ်၊ ကျောက်ပြောင်း၊ ကျောက်ထုတ် လုပ်ငန်းတွေမှာ အလုပ်ကြမ်း အဖြစ် အသုံးပြု ပါတယ်။ လုပ်ခကတော့ တနေ့ကို ကျပ် ၂၀၀၀ ရပါတယ်။ တခြားပြင်ပက လူတွေကိုတော့ သူတို့ မခိုင်းပါဘူး။”

အဆိုပါ မိုင်းခွဲ ကျောက်များဖြင့် ဆိပ်ကမ်း တည်ဆောက်မည့် ပင်လယ်ကမ်းခြေအား ဖို့နေပြီ ယခုအခါ ဆိက်ကမ်းဆောက်မည့် မြေနေရာတွင် အဆောက်အဦးများ ဆောက်လုပ်နေသည်။

သူမက “ခုလောလောဆယ်မှာတော့ ဂတ်စ်နဲ့ ရေနံပိုက်လိုင်းတွေကို မတည်ဆောက်သေးပါဘူး။ အခု ဆောက်နေတာက ရေနက် ဆိက်ကမ်းနဲ့ ဖေါင်တော်၊ ပီးတော့ အဆောက်အဦးတွေကို ဆောက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ပိုက်လုံးတွေတော့ မဒေးကျွန်းကို ရောက်ရှိနေပါပြီ။ ဒါ့အပြင် ကျွန်မ တခါမှ မမြင်ဘူးတဲ့ စက်ကရိယာတွေလည်း ကျွန်းပေါ် ရောက်ရှိနေပါပြီ။ နောက်ထပ် တရုတ်လူမျိုး ၃၀၀ ရောက်မယ်လို့လည်း သတင်းကြားရပါတယ်” ဟု ပြောသည်။

ယခုစီမံကိန်းကို ကိုးရီးယား ဒေ၀ူးနှင့် ထွန်းမြှင့်နိုင်ပိုင် အေးရှားဝေါ့ ကုမ္ပဏီတို့မှ တရုတ်နိုင်ငံမှ စီအန်ပီစီ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေကြောင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က ကျွန်မတို့ရွာက နှစ်မိုင်ခန့်ဝေးတဲ့ နေရာမှာ နေထိုင်ကြပါတယ်။ အဲဒီနေရာကို ကန့်သတ် နယ်မြေဆိုပီး သတ်မှတ်ထားတဲ့အတွက် ကျွန်မတို့ ရွာသားတွေ အနေနဲ့ သွားလာခွင့် မရှိပါဘူး။ သူတို့ အရာရှိတွေက တရုတ်အင်ဂျင်နီယာတွေနဲ့ ဘာလုပ်ကြသလဲဆိုတာကိုတော့ ကျွန်မတို့ တိတိကျကျ မသိပါဘူး” ဟုသူမက ပြောသည်။

ယခုအချိန် ကျွန်းပေါ်ရှိ ကျေးရွာသားများထံမှ လယ်မြေများကို အာဏာပိုင်များက ဂတ်စ်ပိုက်လိုင်း စီမံကိန်းအတွက် သိမ်းယူထားသော်လည်း ခုချိန်ထိ လျော်ကြေး တစုံတရာ မပေးသေးကြောင်း သိရသည်။

သူမက “လယ်သိမ်းတာကလွဲပြီး ဘာမှတော့ ပြဿနာ မရှိသေးပါဘူး။ ရွာသားတွေက ရေလုပ်သားတွေ များပြီး ဆင်းရဲတဲ့အတွက် အခုလို အလုပ်လုပ်ပြီး တနေ့ကို ကျပ် ၂၀၀၀ ရတဲ့အတွက် ၀မ်းသာနေကြပါတယ်။ တရုတ် ကုမ္ပဏီက ကျွန်းပေါ်မှာ အဆောက်အဦးတွေ ဆောက်တဲ့ အပေါ်မှာ မြို့ဖြစ်လာတော့မယ် ဆိုပီး ကျေးရွာသားတွေက ပျော်နေကြပါတယ်” ဟု သူမက ပြောသည်။

မြန်မာ စစ်အစိုးရသည် ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ပိုက်လိုင်း တည်ဆောက်ကာ မဒေးကျွန်းမှ တဆင့် တရုတ်နိုင်ငံ ယူန်ပြည်နယ် အထိ တင်ပို့မည် ဖြစ်သည်။ ၎င်းပြင် အဆိုပါ ဂတ်စ် ပိုက်လိုင်းနှင့် အတူ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်ပို့မည့် ရေနံများကိုလည်း ပိုက်လိုင်း တည်ဆောက်ကာ တရုတ်သို့ တင်ပို့မည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းများမှာ ကီလိုမီ ၇၇၁ ထိ ရှည်လျားမည် ဖြစ်ပြီး ရခိုင်ပြည်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် မြောက်ပိုင်းကို ဖြတ်သန်းမည် ဖြစ်သည်။


Credit to Narinjara

Tuesday, March 23, 2010

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ပိုက်လိုင်းတစ်လျောက်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလု


ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ၏ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့်ပိုက်လိုင်းတစ်လျောက်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ အဆိုပြုထားကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရုံး မှ သတင်းရရှိပါသည်။


ပိုက်လိုင်းသွယ်တန်းမည့် နေရာတစ်လျောက်ရှိ ရပ်ရွာအသိုင်းအ၀ိုင်းနှင့် ဒေသအာဏာပိုင်များအတွက် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရန် သက်ဆိုင်ရာအား အဆိုပြုထားခြင်း ဖြစ်ကြောင်းသိရသည်။


အဓမ္မခိုင်းစေမှု ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောဆန္ဒနှင့် ဆန့်ကျင်လျက် ထိုသူ လိုက်နာခြင်း သို့မဟုတ် ပူး ပေါင်းဆောင်ရွက်ခြင်း မရှိပါက ပြစ် ဒဏ်တစ်စုံတစ်ရာ ပေးခြင်း ခံရလိမ့် မည်ဆိုသော ခြိမ်းခြောက်မှုအောက် တွင် ခိုင်းစေခြင်းခံရသော မည်သည့် အလုပ်မျိုးကိုမဆို ဆိုလိုကြောင်း သိ ရသည်။


မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲနားလည်မှုစာလွှာကို မြန်မာနိုင်ငံအစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံး တို့က တစ်နှစ် ထပ်မံသက်တမ်းတိုးရန် ပြီးခဲ့သည့်ဇန်န၀ါရီလက သဘောတူညီခဲ့ကြသည်။


နောက်ဆက်တွဲ နားလည်မှုစာလွှာသည် တိုင်ကြားသူများ၊ အဓမ္မ စေခိုင်းခံရသူများ၊ တိုင်ကြားချက် တင်ပြခြင်းနှင့် ဆက်နွှယ်နေသော အခြားပုဂ္ဂိုလ်များကိုနှောင့်ယှက်ခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်စားချေခြင်း၊ လက်တုံ့ပြန်အရေးယူခြင်းများမှ အကာအကွယ်ရရှိနိုင်ရန် အာမခံချက်ပေးထားကြောင်း သိရသည်။


တိုင်ကြားမှု ပြုလုပ်ရန် နည်းလမ်း မြောက်မြားစွာရှိကြောင်းနှင့် ပဏာမတိုင်ကြားမှုကို ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ခရိုင်အဆင့် ဒေသ ဆိုင်ရာအာဏာပိုင်များမှ တစ်ဆင့် ပြုလုပ်နိုင်ကြောင်း၊ အကယ်၍ အဆိုပါ ချဉ်းကပ်ပုံနည်းလမ်းကို အသုံးပြုရန် အခြေအနေမပေးပါက အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိနှင့် ဆက်သွယ်၍ တိုင်ကြားမှု ပြုလုပ်နိုင်ကြောင်း သိရသည်။


ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးသည် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ဘားအံ၊ လား ရှိုး၊ စစ်ကိုင်း၊ စစ်တွေနှင့် ကချင်ပြည်နယ်တို့၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အဓမ္မခိုင်းစေမှုအချို့ ရှိခဲ့သည့်အတွက် သက်ဆိုင်ရာက အရေးယူအပြစ်ပေးခဲ့မှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း ကမ်းလွန်လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ကုဗပေ ၄ ဒသမ ၅ ထရီလျံမှ ၇ ဒသမ ၇ ထရီလျံကြား ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး စီမံကိန်းမှ နှစ်ပေါင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း တစ်နေ့လျင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။


တောင်ကိုရီးယား ဟွန်ဒိုင်း အကြီးစားစက်မှုလုပ်ငန်းက ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ၏အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံတန်ဖိုးရှိသော ပိုက်လိုင်း၊ ဆိပ်ကမ်းအပါအ၀င် ဆက်စပ်လုပ်ငန်းများကို တည်ဆောက်မည်ဖြစ်ပြီး ဒေ၀ူးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီသည် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ရရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလတွင် စတင် တင်ပို့နိုင်ရန်မျော်မှန်းထားကြောင်း သိရသည်။


ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် A-1 နှင့် A-3 တွင် သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေနေသည့် အဖွဲ့တွင် ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်း၊ အိန္ဒိယ Oil and Natural Gas Corp ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE )၊ အိန္ဒိယ GAIL နှင့် တောင်ကိုရီးယား Korea Gas Corporation တို့က အစုရှယ်ယာများ ပါဝင်ထားကြောင်း သိရသည်။


Source from First-11
http://www.first-11.com/index.php?option=com_content&view=article&id=2408:2010-03-21-08-28-47&catid=42:2009-11-10-07-36-59&Itemid=112

Tuesday, March 16, 2010

ရှေးဟောင်းကံ့ကော်တောဘုရားသမိုင်းအကျဉ်းချုပ်(ကျောက်ဖြူမြို.)

သမုဒရာထဲရှိတိုင်းပြည်ကြီး

မြတ်စွာဘုရားသခင် ပရိနိဗာန် စံလွန်တော်မူပြီးစ အချိန်အခါမှစ၍ ပေါ်ပေါက်လျက်၇ှိသော စကားရပ်များမှာ
ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျက်ရှိသော စကားတစ်ရပ်ပင်ဖြစ်လေသည်။

ရှေးသရောအခါ၌ ကောတုန်တရစ်တိုင်းဟု၍ တိုင်းကြီးတစ်တိုင်းမှာ ထင်ရှားစွာရှိခဲ့လေသည်။
၎င်းတိုင်းဧ။် အကျယ်အ၀န်းမှာ ရှေ့ဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ
ကျယ်ပြန့်လေသည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီး စိုးစံအုပ်ချုပ်ပြီး သားတော်(၃)ပါး
ထွန်းကားလျက်ရှိလေသည်။ ၄င်းတို့ မှာ နောင်တော်ကြီး၊နောင်တော်လေးနှင့် အာဝ ဟူ၍ အသီးသီး
ခေါ်တွင်ကြလေ၏။ အခါတစ်ပါးသောနေ့၌ ဘခမည်းတော် မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားလေသော် သားကြီးဖြစ်သော
နောင်တော်ကြီးမင်းသားအား ထီးနန်းရိပ်ရာ အပ်နှင်းကြလေသည်။ ညီတော် အလတ် နောင်တော်လေးက
အိမ်ရှေ့စံအဖြစ်လည်းကောင်း၊ ညီတော် အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝေမျှ
အုပ်ချုပ် ကြလေသည်။ ထိုသို့ ညီနောင်(၃)ဦး စီးမံအုပ်ချုပ်မင်းလုပ်နေကြစဉ် အတွင်း ပြည့်ရှင်မင်းဖြစ်သော
နောင်တော်ကြီးသည် ဥပုသ်ဆောင်ဝင်လိုလှသော အာသီသစိတ် ပြင်းထန်လာသဖြင့် ညီတော်လတ်ဖြစ်သည့်
နောင်တော်လေး အိမ်ရှေ့မင်း သားအား ဆုံးမသြ၀ါဒပေးပြီး နန်းရပ်ထီးဖြူ အပ်နှင်းတော်မူပြီး
တောအရပ်သို့ ထွက်ခွာသွားတော်မူလေသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်လများ
အတန်ကြာညောင်းလေသော် ပြည့်ရှင်မင်းနောင်တော်လေးသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင်
အညရ၀ါသီ တောရပ် မှီးလေတော့သတည်း။ ထီးနန်းအရိပ်အရာအား ညီတော် အငယ်ဆုံး အာဝမင်း အုပ်ချုပ်လေတော့သည်။
သို့နှင့် နောင်တော်လေးမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးသွားရာ အရပ်ဘက်သို့
ရှေး ရှုပြီးလိုက်လေသော် တိုင်းပြည်တော် နှင့်အလွန်ဝေးလွန်းသော တောင်တန်းတစ်ခုတွင်
တွေ့ဆုံကြလေ၏။ ထို့သို့တွေ့ဆုံရာတွင် တိုင်းပြည်ရေးရာ အကျိုးအကြောင်းနှင့် စပ်လျဉ်း၍
ပြောဆိုကြပြီး သော် မိမိအားလည်း နောင်တော်နှင့် အတူတစ်ကွ တရားအားထုတ်ခွင့်ပြုပါရန်
လျှောက်ထား တောင်းပန်လေသော် နောင်တော်ကြီးက ငါ့ညီတော် တရားအား ထုတ်လိုသော် ဟိုဘက်တောင်တန်းမှာ
နေလေတော့ဟု ညွှန်ကြားလိုက်လေသည်။
ညီနောင်နှစ်ဦးတို့လည်း မိမိတို့နေရပ်၌ ပင် တရားကျင့်သုံး၍ အသက်ထက်ဆုံးနေကြလေကုန်၏။
၎င်းအရပ်သည် ရမ်းဗြဲကျွန်း မြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ရှိကြလေ၏။ ထိုနေရာအား
နောင်တော်ကြီးတောင်နှင့် နောင်တော်လေးတောင်ဟူ၍ ယခုထက်တိုင် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြလေသည်။
ထိုစဉ်အခါ ကောတုန်တရာဇ်တိုင်းပြည်၌ ညီငယ်တော် အာဝမင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့်
ညီညွတ်မှု မရှိလေသောကြောင့် တိုင်းပြည်တော်သည် ခိုးသားဓားပြ မကောင်းမှုများ ရောပြွန်းလျက်ရှိခြင်းတို့ကြောင့်
တိုင်းသူပြည်သားလူအများတို့ ငတ်မွတ်ခေါင်းပါးသော ဘေးကပ်ဆိုးကြီး ဆိုက်ရောက်နေလေ၏။ တိုင်းပြည်ကြီးသည်လည်း
မငြိမ်မသက်ဖြစ်လေတော့သည်။ အဆိုပါတိုင်းပြည်တွင် တိုင်းသူ ပြည်သားအပေါင်းတို့ ပူဇော်ကိုးကွယ်
ကြည်ညိုကြသော တန်းခိုးကြီးရုပ်ပွားတစ်ဆူ ၇ှိလေ၏။ (တစ်ချို့က နှစ်ဆူရှိသည်ဟူ၍လည်း ပြောကြသည်)

ထိုတန်းခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေ မကိုင်းရှိုင်းကြပဲ မသင့်လျော်သော အမှုကို
ပြည်သူများ ပြုကျင့်ကြကုန်၏။
ထိုတိုင်းပြည်၌ သီလ၊ သမာဓိမြဲသော င/ပု အမည်ရှိ အဘိုးအိုလင်မယားနှစ်ဦး (တစ်ချို့က င/ပု
နှင့် င/လာ ညီအစ်ကို နှစ်ယောက်ရှိကြောင်းပြောကြသည်။) က မိမိတို့ ကိုးကွယ်သော တန်းခိုးကြီး
ဘုရားအား ဤသို့ပြုကျင့်နေကြခြင်းမှာ မသင့်လျော်ကြောင်းများ ပြောဆိုဟန့်တားသော်လည်း
မရရှိခဲ့ပေ။ င/ပု လင်မယားမှ လွဲ၍ ၄င်းတို့၏ သားသမီးများပင်လျင် မကောင်းသော အမှု ဖြင့်
ဘုရား၌ပြုကျင့်ကြကုန်၏။

နတ်များအိပ်မက်လာပေးခြင်း

တစ်ညသော အခါ၌ င/ပု လင်မယားအိပ်ပျော်နေစဉ် သမာဒေ၀နတ်များ လာပြီး ဤကောတုန်တရာဇ်တိုင်းအား
ရက်သတ္တပါတ်အတွင်း နဂါးတို့ရေနှစ်ကစားတော့မည် ဖြစ်၍ သင်တို့လင်မယားလွတ်ရာသို့ ပြေးကြလေကုန်။
ထိုသို့သွားသော အခါ၌ လည်း သင်တို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပေးကြဘဲ ဘုရားပင့်ဆောင်ပြီး
ယူကြလေဟု အိပ်မက်၌ ပြောကြားခဲ့လေ၏။ င/ပု အဘိုးအို အိပ်ရာမှ လန့်နိုးလတ်သော် အနီးတွင်
ငွေထောင်ထုပ်ကို တွေ့ရှိရလေ၏။ နံနက်မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် ဇနီးသည် အဘွားကြီးအား
အိပ်မက်အကြောင်းများပြောကြား၍ ငွေထုပ်အားပေးပြီး တစ် စုံတစ်ယောက်သောသူအား မပြောကြားရန်မှာထားလေ၏။
အဘွားကြီးကား မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးတို့အား တိတ်တစ်ဆိတ်ပြောထားလေရာ
သွားချိန်နီးတွင် င/ပု အဘိုးကြီးဘုရားသွားရောက်ပင့်လေသော် ပင့်မရဘဲရှိနေလေ၏။
ထိုအခါ င/ပု အဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ် အဖန်ဖန်ကြိုးစား၍ ပင့်ယူပါသော်လည်း
အချီးအနှီးဖြစ်နေလေသောကြောင့် အဘွားကြီးအား မှန်ရာပြောရန် မေးမြန်းရာ အဘွားကြီး က သားသမီးများအား
ထုတ်ဖော်ပြောမိပါကြောင်းဝန်ခံလေ၏။ ထို့ကြောင့်ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်မုချ
သိရှိသဖြင့် အဆိုပါနေ့ရက်တွင်မသွားတော့ဘဲ နောင်တွင် မည်သူမျှ လုံးဝအသိမပေးတော့ဘဲ တိတ်တဆိတ်ဘုရားအားသွားရောက်ပင့်ယူရာ
လွယ်ကူစွာ ရခဲ့ခြင်းကြောင့် အဘွားကြီးအား နတ်ပေးသော ရွှေထုပ်အားရွက်စေကာ ကောတုန်တရာဇ်တိုင်းပြည်မှ
တိတ်တဆိတ်ထွက်လာကြလေ၏။ ထိုသို့ထွက်လာရင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီးရှိ တောင်ငယ်တစ်ခုသို့ရောက်ရှိ၍
အပန်းဖြေရပ်နားကြလေ၏။ ၄င်းတောင်ငယ်ကို ယခုထက်တိုင် င/ပု တောင်မော် ဟု ခေါ်တွင်လျက်ရှိနေလေသည်။

ရှာမတွေ့သော မဟာ မြတ်မုနိအရပ်

အဘိုး င/ပု လင်မယားတို့သည် ၄င်းတောင်ငယ်၌ အမောအပန်းဖြေနေကြပြီး မိမိတို့ လာရာလမ်းအတိုင်း
အနောက်ဘက်သို့ မျှော်၍ ကြည့်ကြလေသော် ကောတုန်တရာဇ်တိုင်းပြည်နေရာတွင် သမုဒ္ဒရာပင်လယ်ရေပြင်ကြီးအတိ
ဖြစ်နေသည်ကို သာ တွေ့မြင်ရလေ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်၇ွာ ငယ်တစ်ခုရှိလေ၏။
(တစ်ခါတစ်ရံ အလွန်ဖြားစစ်ချိန်(ဒီရေကျချိန်)တွင် ပင်လယ်သမုဒ္ဒရာထဲရှိ နန်းခေါင်တိုင်အား
မြင်ကြရကြောင်းကြားဘူးခဲ့ရပေသည်။) င/ပု လင်မယားတို့ ကား ခရီးတစ်ထောက်ဆက် လျှောက်ရပြန်သော်
အလွန်ပင်ပန်းနွမ်းရိလာခြင်းတို့ကြောင့် အဘွားအိုက ဤဘုရားရုပ်ပွားတော်နဲ့ ငွေထုပ်အား
ထားခဲ့ကြရန်ပြောကြားသော်လည်း င/ပု အဘိုးအိုကား ရှေ့သို့ဆက်၍ ယူလာရန်သာ ပြောပြီး ခရီးတရွေ့ရွေ့
ဆက်၍ သွားလေ၏။ သို့နှင့် ယခုကျောင်းကလေးအနီးရှိ သရက်တောအုပ်ကြီးထဲသို့ ရောက်လာကြလေသည်။
ဤနေရာတွင်ရပ်တန့် အမောဖြေကြပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၄င်း၊
ဘုရားရုပ်ပွားတော်မြတ်အား သင့်လျော်သော နေရာတွင်ထား၍ ပူဇော်ကန်တော့ခြင်းပြုလုပ်ကြပြီး
မဟာမုနိအရပ်ဘက်သို့ ထွက်သွားကြလေသည်။ (မဟာမုနိအရပ်ကား အဘယ်ကိုခေါ်လေသနည်း။ ကျောက်တော်ဘက်ရှိ
မဟာမုနိဘုရားအရပ်ကို ခေါ်လေသလားဟု ယခုတိုင် အတိအကျ မသိရသေးချေ။)

ရှေးလွန်လေပြီးသော အခါက လူနေအိမ်ခြေ လှေကားတစ်ထောင်ရှိသော ရွာကြီးတစ်ရွာသည် ကျောက်ဖြူတောင်
အနီးတွင်တည်ရှိခဲ့၍ ကျောက်ဖြူရွာဟု ခေါ်တွင်လေသည်။(ယခုထက်တိုင် ကျောက်ဖြူတောင်ခြေရင်နားတွင်
အတော်ကြီးမားသော ကျောက်ဖြူလုံးကြီးနှစ်လုံး ရှိနေသည်။ အချို့က ၄င်းကို
ကျောက်မောင်နှစ်မ ၊အချို့က ကျောက်လင်မယားဟု အမျိုးမျိုးပြောဆိုကြသည်။ ၄င်းကျောက်ဖြူနှစ်
လုံးကို အစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟု ခေါ်ခြင်းဖြစ်လေသည်။ ထိုရွာတွင်လူကြီးအဖြစ်အုပ်ချုပ်သော
င/ပုရှေဆိုသူ တောသို့သွား၍ င/ပု လင်မယားထားခဲ့သော ရုပ်ပွားတော်အား တွေ့ရှိရ၍ မိမိနေရာသို့ပင့်ယူလာရာ
ကျောက်ဖြူရွာအနီးရှိ ချောင်းကမ်းထိပ်သို့ရောက်လေသော် အမောအပမ်းဖြေရပ်နားရာတွင် ဘုရားရုပ်ပွားတော်ပြန်လည်ပင့်ဆောင်မရ
ဖြစ်နေလေ၏။ ထိုအခါရွာသားများအား ခေါ်ငင်ပြီးရထားပြုလုပ်၍ ဆွဲကြလေသော် လွန်ကြိုးသာ
အလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနေရာတွင်ပင် ကျောင်းတော်ဆောက်၍ ကိုးကွယ်ကြရလေ၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား
ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာ ချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း
၊ ယခုတိုင် ၄င်းချောင်းနေရာကို ချီးတောချောင်းဟု ခေါ်ကြလေသည်။) ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန်
သင့်လျော်လျောက်ပတ်သော မြေသန့်မြေမြတ်သို့ ရောက်ရှိတော်မူ၍ လည်းကောင်း ၊ထိုနေရာမှ
ပင့်ဆောင်မရဘဲ ဖြစ်နေလေသည်။ ထိုနေရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ်ပေါက်နေကြခြင်းကို
အစွဲပြု၍ ကံ့ကော်ကော ဘုရားဟု နာမ ထင်ပေါ် ခေါ်ဝေါ် ခဲ့ကြခြင်းဖြစ်လေသည်။ ဤကား တောင်ဘက်မှ
သီးတင်းသုံးနေတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်း အကြောင်းရပ်တည်း။(ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ
ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ရှိကြောင်းထင်၇ှားပေသည်။)

မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း

ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် င/သထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင်
သွားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။
င/သထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်အတွင်း၌ ဘုရားပုထိုးတစ်ဆူပါလာကြောင်း ရွာသားများအားပြောကြားလေသော်
ရွာအုပ်ချုပ်သူ င/ပရှေ နှင်ရွာဆော် မောင်ဝန်းတို့သည် ရွာသားများအားခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား
ပင့်ဆောင်ခဲ့ရာ ကံ့ကော်တောအုပ်အနီး ရွာသားများအခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား
ပင့်ဆောင်ခဲ့ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင် ရပ်နားကြစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင်
ပင့်ယူမရ ဖြစ်ကြရပြန်သည်။ ဘုရားရုပ်ပွားတော်ကြီးသည်လည်း
ဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြေထွက်မြေမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ
သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်လေသည်။ ထိုရုပ်ပွားတော်ကြီးအား
တစ်ချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟု ပြောကြပေသည်။ တစ်ချို့တစ်ချို့သောသူများကမူ
ကောတုန်ကရာဇ်တိုင်းမှ င/ပုညီ င/လာဆိုသူ ပင့်ယူလာခဲ့သော ဘုရားဖြစ်ပြီး လောင်းလှေမှောက်၍
ရေထဲကျသွားခြင်း ဖြစ်ကြောင်းအချို့သော သက်ကြီးဝါကြီးများက ပြောကြပေသည်။ င/လာ နေခဲ့ခြင်းကြောင့်
ယခုထက်တိုင်လည်း င/ပြီတောင်တစ်ဘက်တွင် င/လာကုန်ဘောင် (ကုန်းမြင့်မှာ) ထင်ရှားစွာ ရှိပေသေးသည်။
ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအားသမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ
ထာဝစဉ် စောင့်ရှောက်လျက်နေကြကြောင်းထင်ရှားလှပေသည်။ တစ်ခုသောနှစ်ဆန်းတစ်ရက်နေ့တွင်
နတ်သဘင် ပေါင်းစုံစည်းဝေးရန်ကြုံလာသောကြောင့် ဤဘုရားတွင် ထိုနေ့ထိုရက်၌အစောင့်အရှောက်များကင်းမဲ့
နေမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်းမခံရစေရန် နှိုးဆော်စောင့်ရှောက် စေခြင်းဖြစ်သည်။
ပွဲတော်ချရန်ရေအခက်အခဲ၊ဟင်းအခက်အခဲများ တွေ့နေရစဉ် ရေကို ဘုရားအနီးတွင် တူးဖော်ရရှိပြီး
ဤပိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ပွဲတော်ချနိုင်ကြောင်း
အိပ်မက်ပေး၍ ဘုရားတန်ခိုးတော်အားယုံကြည်မြတ်နိုးခြင်းဖြင့် ပွဲတော်ပြုလုပ်လာခဲ့သည်မှာယခုတိုင်ဖြစ်ပါတော့သတည်း။

မည်သည့်အချိန်ကာလသက္ကရာဇ်တွင် ဘုရားပွဲတော်စတင်ပြုလုပ်ခဲ့သော အမှတ်အသားလည်း
မထားခဲ့ကြချေ။

ရှေးနှစ်ပေါင်းများစွာကပင်ထင်ပေါ်ကြော်ကြားလျက်ရှိခဲ့လေသော၊ ကံ့ကော်တောဘုရားဟု
ခေါ်ဝေါ်သမုတ်လျက်ရှိသော ရှေးဟောင်းပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကားရခိုင်ပြည်ရမ်းဗြဲကျွန်းရှိ
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ဂုံးချိန်ကျေးရွာတောင်ဘက် ကံ့ကော်ပင်များရှိရာ အရပ်၌
တည်ရှိနေလေသည်။အဆိုပါတန်ခိုးကြီးရှေးဟောင်းပေါ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှစ်ဆူသည်သီတင်းသုံး
ကိန်းဝပ်တော်မူရာ သိမ်တော်မှာ ကျောက်ဖြူမြို့နှင့်(၅)မိုင်ကျော်ခန့်ကွာဝေးသော နေရာတွင်တည်ရှိပြီး
ဂုံးချိန်ကျေးရွာနှင့်မူ(၂)ဖာလုံခန့်သာဝေးလေသည်။ ထို တန်းခိုးကြီးရှေးဟောင်း

ရုပ်ပွားတော်မြတ်နှစ်ဆူ၏ ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း
တစ်ရက်နေ့တွင်သာပြုလုပ်ကျင်းပလေ့ ရှိပေသည်။ ဤကဲ့သို့ သင်္ကြံန်လွန်စ ထူးမြတ်သောနှစ်ဆန်းတစ်ရက်နေ့တွင်
ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကားမရှိသလောက် အလွန်ပင်ရှားလှပေသည်။ ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကားကျောက်ဖြူမြို့နယ်တစ်ခုလုံးတွင်
အထူးထင်ပေါ်ကျော်ကြားသောဘုရားပွဲတော်ကြီးဖြစ်ပေသည်။ ရှေးဟောင်းရုပ်ပွားတော်မြတ် (၂)ဆူ၏တန်ခိုးတော်သတင်းစကားများတို့ကြောင့်လည်း
အရပ်ရပ်မှလာရောက်ဖူးမျှော်ကန်တော့ ကြပေသည်။ မြန်မာသက္ကရာဇ် နှစ်ဆန်း(၁)ရက်နေ့သည်ကားဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးများအတွက် အလွန်ထူးမြတ်သောနေ့ကောင်းနေ့မြတ်တစ်ရက်ပင်ဖြစ်ပေသည်။ ထို့ကြောင့်ပင်
နှစ်ဟောင်းမှ မကောင်းသော ဘေးဒဏ်၊ရန်မာန် အပေါင်းကင်းဝေးစေကြောင်း အလိုငှာ သင်္ကြန်အခါတွင်း၌
အိမ်ဦးခန်းတွင်အန္တရာယ်ကင်းအဖြစ် သပြေပန်းနှင့် ရေချမ်းအိုးများ တည်ကြခြင်း၊တစ်ချို့လူကြီးမိဘများတို့သည်
မိမိတို့သားသမီးများအားရွှေရည်၊ငွေရည်၊တရော်ကင်မွန်းရည်များဖြင့် ခေါင်းဆေးမင်္ဂလာဆံရေလျှော်ပေးခြင်းများ
ပြုလုပ်ပေးပြီး အန္တရယ်အပေါင်းကင်းဝေးပြီးကျန်းမာချမ်းသာ ရွှင်လန်းကြစေရန် ဆုတောင်းမေတ္တာပို့ပေးခြင်းများပြုလုပ်ကြပေသည်။

ဤသို့ထူးမြတ်သော နှစ်ဆန်း(၁)ရက်နေ့တွင်ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက်
သင်္ကြန်အတက်နောက်ဆုံးရက်တွင်လူအပေါင်းတို့သည် မခေါ်မဖိတ်ပဲလျက်နှင့် မိမိတို့စိတ်ဆန္ဒအလျောက်မြို့ရောတောပါ
ရွာပေါင်းများစွာတို့မှ လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ကလေးလူငယ်ပါမကျန်၊အပျိုလူပျိုများ
အားလုံး စုပေါင်းပြီလျင်သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာ အမျိုးမျိုးဖြင့်လည်းကောင်း၊ရေချမ်းအိုးများ
ကိုယ်စီရွက်လာကာ လာရောက်ရေသပ္ပါယ် ကန့်တော့ကြသည်မှာပွဲတော်တစ်မျှ စည်ကားလှပေသည်။

ဤ ကံ့ကော်တောဘုရားပွဲတော်ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပက
အ ဖွဲ့ဝင်ဥပသကာလူကြီးများမှာ ကြာသပတေးနေ့တိုင်း ငါးခရီးဝေးကွာသောကျောက်ဖြူမြို့ပေါ်သို့
အပါတ်စဉ် မှန်မှန်တက်ရောက် အလှူခံခဲ့ကြပေသည်။အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မီ
တစ်လခန့် အလိုတပေါင်းလမှပင် မြို့ပေါ်သို့ သွားရောက်ပြီး အိမ်တိုင်းစေ့ဝင်ကာ ဆန်နှင့်အလှူငွေများကို
စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းကြပါရန်ပြောဆိုအလှူခံယူကြပေသည်။ ၄င်းရသော အလှူငွေများဖြင့်ပွဲတော်လာပရိတ်သတ်များအား
စတုဒီသာ နေ့လုံးပေါက်ထမင်းကျွေးမွေးနိုင်ရေးအတွက် လိုအပ်သော ငါးပိငါးခြောက်မှအစ ပစ္စည်းများကိုပြည့်စုံစွာ
ဝယ်ယူသွားကြပေသည်။ ကျောက်ဖြူမြို့နယ်တစ် ခုလုံးနှင့်အရပ်ရပ်မှ အလှူရှင်များကလည်းဤ ကံ့ကော်တော
ဘုရားပွဲတော်အတွက်စေတနာထက်သန်စွာ ဖြင့်

ပါဝင်လှူဒါန်းကြပေသည်။ ဤသို့ဖြင့်တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော
ကံ့ကော်တောပေါ်တော်မူဘုရားပွဲတော်သည် နံနက်(၄)နာရီ အာရုံဆွမ်းတော်ကပ်လှူချိန်ကပင်စတင်ကျင်ပခဲ့ရာ
ညနေ(၄)နာရီအထိ တစ်နေ့တာမျှ ပြုလုပ်သောဘုရားပွဲတော်ဖြစ်ပေသည်။ ဤသို့တစ်နေ့တစ်ရက်တည်းပြုလုပ်သောဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း
တစ်ခြားဘုရားပွဲတော်များကဲ့သို့အငြိမ့်၊ဇတ်ပွဲများ လုံးဝမပါရှိပေ။ သို့သော်နံနက်ပိုင်းဆွမ်းပို့ချိန်တွင်မူ
ရွာပေါင်းများစွာတို့မှ မိမိရပ်ရွာဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆို တီးမှုတ်ခြင်းတို့ဖြင့်လှူဒါန်းဖွယ်ရာများနှင့်
ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အားသုံးခေါက်ပတ်၍ တစ်ချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း
၊တစ်ချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍ လည်းကောင်း ဘုရားသိမ်တော်အားလှည့်ပတ်ဦးခိုက်
ပူဇော်သက္ကာရပြုကာ ကန်တော့ပွဲကျင်းပနေကြသည့်သိမ်ပတ်ပွဲမှာ ကြည့်မ၀ ရှုမဆုံးအောင် အလွန်ပျော်ရွှင်ကြည့်နူးဖွယ်ရာအတိဖြစ်ကြရပေ၏။

ပွဲတော်နေ့လည်ပိုင်းအချိန်တွင်ကား ရခိုင်လူမျိုးတို့၏ဘုရားပွဲတော်တိုင်းတွင်
ပါရစမြဲဖြစ်သော ရိုးရာပွဲတစ်ပွဲဖြစ်သည့်ကျင်ကိုင်ပွဲမှာလည်း နှစ်စဉ်ပါဝင်ပြုလုပ်ခဲ့ပေသည်။
ကျင်ကိုင်ပွဲတွင်ပထမရရှိသောသူသည် ရွှေမောင်း(ရွှေခွက်)၊ ဒုတိယရရှိသောသူသည်ငွေမောင်း(ငွေခွက်)ရရှိကြပေသည်။

ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီးအိမ်အပြန်လှလိုကြသော ကျင်သန် (ကျင်လုံးသူ)များမှာတစ်ဦးနှင့်တစ်ဦးအကြိတ်အနယ်
ဗိုလ်လုကြ၏။ ဤပွဲတော်မှာ အထူးစည်ကားခြင်းရှိပေတော့သည်။ ထို့ပြင် နေ့လုံးပေါက်ကျွေးမွေးနေသော
စတုဒီသာမဏ္ဏပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်း (ပိန်းဟင်းချက်)အား တိုးခွေ့တောင်းယူစားသောက်ကြခြင်းဖြင့်
ပျော်ရွှင်ဖွယ်ရာ တစ်မျိုးဖြစ်ပေသည်။ဤသို့ဖြင့်ကံ့ကောင်ရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏
တန်းခိုးတော်များမှာအံ့သြ၍မကုန်နိုင်လောက်အောင် များပြားလှခြင်းတို့ကြောင့် မိဘ ဘိုးဘေး
ဘီဘင်အစဉ်အဆက်ဆက်ကပင် ယုံကြည်မြတ်နိုးခြင်းဖြင့် ကြည့်ညိုစွာကိုးကွယ်ခဲ့ကြသည်မှာ ယခုထက်တိုင်ပင်ဖြစ်ပါတော့သည်။ထို့ကြောင့်လည်းကံ့ကော်တောဘုရားခေါ်
ရှေးဟောင်းရုပ်ပွားတော်နှစ်ဆူ၏အံ့ဖွယ်ရာ တန်ခိုးသတင်းများအား ရပ်နီးရပ်ဝေးရှိကြကုန်သောရဟန်းရှင်လူသူတော်စဉ်များအားလုံး
သိရှိကုသိုလ်ပွားများနိုင်ကြစေရန် ရေးသားဖော်ထုတ်လိုက်ရပါသည်


Credit to အဘုချေ(MMcyber)

Saturday, March 13, 2010

ကျောက်ဖြူတွင် တွင်ကျယ်လာနေသော ပြည့်တန်ဆာ လုပ်ငန်းများ၌ အာဏာပိုင်များ ပါဝင် ပတ်သက်နေ



ရခိုင်ပြည်နယ်၏ ဒုတိယ အကြီးဆုံး မြို့တော် ကျောက်ဖြူတွင် တဖြည်းဖြည်း တွင်ကျယ်လာနေသည့် ပြည့်တန်ဆာ လုပ်ငန်းများ၌ အာဏာပိုင်များ ပါဝင်ပတ်သက်နေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။

အမည် မဖေါ်လိုသူ ဒေသခံ တဦးက "ကျောက်ဖြူက အရင်နဲ့ မတူတော့ဘူး။ တော်တော် ပျက်စီးလာနေတယ်။ ပြည့်တန်ဆာတွေနဲ့ အနှိပ်ခန်းတွေလည်း အရမ်းပေါလာတယ်။ ခုလို လုပ်ငန်းတွေမှာ အာဏာပိုင်တွေကပါ ပါဝင်ပတ်သက်နေတော့ အခြေအနေက အရမ်းဆိုးသွားတယ်။ အထက်ကို တိုင်ကြားလို့လည်း ဘာမှ အရေးယူတာ မရှိပါဘူး။" ဟု ပြောသည်။

ယခုကဲ့သို့ အခြေအနေများ ဆိုးရွားလာခဲ့ခြင်းမှာ ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်း များကြောင့် နိုင်ငံခြားသားများနှင့် သင်္ဘောများ အ၀င်အထွက်များလာရာမှ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

"အနှိပ်ခန်းတွေမှာ သက်ဆိုင်ရာ ရယက ဥက္ကဌတို့၊ ကြံ့ဖွတ်၊ ရဲနဲ့ စစ်တပ်က မိသားစုတွေ အစု ချယ်ယာတွေ ၀င်ပါ နေကြတာကတော့ အသေအချာ ဖြစ်ပါတယ်။ သာမန် ရပ်ကွက်တွင်းက ပြည့်တန်ဆာ လုပ်ငန်းတွေမှာတော့ ရယက ဥက္ကနဲ့ ရဲတွေက ပါဝင်ပတ်သက်နေပါတယ်။ သူတို့ကို ပိုက်ဆံ ပေးထားရတော့ သူက ခုလို ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ အခြေအနေကတော့ အစိုးရ စီမံကိန်းတွေ ဖြစ်တဲ့ ဂတ်စ်နဲ့ ရေနံပိုက်လိုင်းတွေကြောင့် လူမျိုးစုံ ၀င်ရောက်ရာကနေ ခုလို ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။"

၎င်းပြင် ပြည့်တန်ဆာလုပ်ငန်းမှာ အလွယ်တကူ ၀င်ငွေရသော လုပ်ငန်းဖြစ်သဖြင့် ယခုအခါ အထူး တိုးပွားနေသည်ဟု သူက ပြောသည်။

"ကျောက်ဖြူမှာ အနှိပ်ခန်း ၂၀ ခန့်ရှိမယ်ထင်ပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းကတော့ နေရာ အနှံ့ပါဘဲ။ အဓိက ဆိုးရွားနေတဲ့ နေရာကတော့ ရခိုင်ပိုက်ဆိပ်ရပ် ဘုရားကြီးလမ်းမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသမီး လေးဦးက ပြည့်တန်ဆာလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေပါတယ်။ နာမည်တွေကတော့ ဒေါ်----- ဖြစ်ပါတယ်။ လုပ်စားနေတဲ့ အမျိုးသမီးငယ်ကတော့ ၅၀ ခန့်ရှိမယ် ထင်ပါတယ်။ ညနေ ၆ နာရီကျော်ရင် အဲဒီလမ်းကို သွားလာဖို့ အခက်အခဲ ပါဘဲ။"

အဓိက အခက်အခဲ ဖြစ်နေသော ကျောင်းသား ကျောင်းသူများမှာ ကျောက်ဖြူ ကညင်တန်းရပ်ကွက်မှ ဖြစ်ပြီး အဆိုပါ ကျောင်းသားကျောင်းသူများ ကျောင်းသွားရာတွင် အဆိုပါလမ်းကို ဖြတ်သန်း သွားရသည်။

၎င်းပြင် ယခုကဲ့သို့ ပြည့်တန်ဆာလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နေသဖြင့် အနီးအနားရှိ ဘုရားကြီးကျောင်းနှင့် သံဖြူကျောင်းများကိုပါ ထိခိုက်နေသည်ဟု သိရသည်။

ကျောက်ဖြူတွင် ရေနံနှင့် သဘာဓါတ်ငွေ့ ပိုက်လိုင်းများ အပြင် ရေနက်ဆိပ်ကမ်းနှင့် တခြား ငါးဖမ်းလုပ်ငန်းများကြောင့် စီးပွားရေး ဖွံဖြိုးတိုးတက်ရေး အနည်းငယ် လူးလွန့်စ ပြုလာပြီးနောက် ယခုကဲ့သို့ မကောင်းမူ လုပ်ငန်းများပါ ဒွန်တွဲ တိုးတက်လာခြင်း ဖြစ်သည်။

မကောင်းမူ လုပ်ငန်းများ တွင်ကျယ်လာသဖြင့် ကျောက်ဖြူ ဒေသခံများက ကျောင်းသူ ကျောင်းသားများနှင့် ဒေသအတွင်း ရိုးရာ ယဉ်ကျေးမူ ဓလေ့ထုံးစံများ ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

Credit to
နိရဉ္စရာ

ကျောက်ဖြူအလွမ်းပြေ





ကျောက်ဖြူအလွမ်းပြေဓါတ်ပုံချေတိပါ။
ဓါတ်ပုံတိကို ကိုအောင်အောင်စိုး နဲ့ ကိုမောင်မောင်သူ ရို.ကျောက်ဖြူFamily မှာတင်ထားစော်ကနီ ယူသုံးထားပါရေ။