Monday, October 31, 2011

ကျောက်ဖြူမြို့နယ် နတ်ကျောက်အနီး landfall Area အတွင်း ပိုက်လိုင်းတပ်ဆင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိ

ကမ်းလွန်ပိုက်လိုင်းသွယ်တန်းရန် အကြိုအင်ဂျင်နီယာများပြုလုပ်နေပုံ

ကျောက်ဖြူမြို့မှ နှစ်မိုင်ခန့်အကွာ ကျောက်တလုံးဘုရား အောက်ဖက်ပင်လယ်ကမ်းခြေ နတ်ကျောက်အနီးတွင် ပိုက်လိုင်းများ စတင်သွယ်တန်းရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် (A-1)  နှင့်(A-3) တို့မှ သွယ်တန်းလာမည့် ပိုက်လိုင်းလမ်းကြောင်းနှင့် ကုန်းတွင်းပိုင်းပိုက်လိုင်းလမ်းကြောင်းတို့ ဆက်သွယ်မည့်နေရာဖြစ်ပြီး လက်ရှိတွင် ကမ်းဦးရေတိမ်ပိုင်း ရေလမ်းကြောင်း ရှင်းလင်းခြင်းလုပ်ငန်းများကို အိန္ဒိယကုမ္ပဏီ (DDIL Co.,ltd) မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေမှာ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်သွယ်တန်းရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ရေအောက်ပိုက်လိုင်းသွယ်တန်းမည့် လိုအပ်သောပစ္စည်းများ ရောက်ရှိနေပြီဖြစ်ပြီး ပိုက်လိုင်းတပ်ဆင်ရန် အထောက်အကူပြု Infrastructures များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တပ်ဆင်မည့်ပိုက်လိုင်းများ စတင်ရောက် ရှိနေပြီဖြစ်ပြီး အမှတ်(၁)ဆိပ်ကမ်းမှတစ်ဆင့် ကျောက်တလုံးဘုရားအနီး Pipe Yard နေရာသို့ ပိုက်လုံးတင် Transporter များဖြင့် ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် MGC Construction Co.,Ltd  ၊ ကိုရီးယားအခြေစိုက် Kunchong E & C Co.,Ltd ၊ V Pile Co.,Ltd၊ Soo-Pin Carane Service Co.,Ltd နှင့် Punj Lloyd PTE Co.,Ltd  ကုမ္ပဏီများမှာ ကမ်းလွန်ရေနက်ပိုင်းနှင့် ကုန်းတွင်းပိုင်း ပိုက်လိုင်းတပ်ဆင်မှုများကို မိမိတို့တာဝန်ယူထားသည့်လုပ်ငန်းအလိုက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။

ရေနက်ပိုင်း ကမ်းလွန်ပိုက်လိုင်းသွယ်တန်းမည့် အကွာအဝေးမှာ အဆိုပါ  landfall Area မှ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် (A-1)  နှင့် (A-3) အထိ (၁၈၀)ကီလိုမီတာခန့်ရှိပြီး ပိုက်လိုင်းသွယ်တန်းရာတွင် ရေနက်ပိုင်း ကြားခံ Digging & Installation Tower တစ်ခုစီကို ၁၀ ကီလိုမီတာအကွာတွင် ထားရှိကာ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းနီးစပ်သူတစ်ဦးထံမှ သိရသည်။အဆိုပါ landfall Area မှ မလကျွန်းကျေးရွာအနီး ရွှေသဘာဝဓာတ်ငွေ့သန့်စင်စက်ရုံ (OGT) အထိ ဆက်သွယ်မည့် ကုန်းတွင်းပိုင်း ပိုက်လိုင်းမှာ ၄.၈ ကီလိုမီတာ ရှိပြီး ယခုအခါစက်ယန္တရားကြီးဖြင့် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ မကြာမှီ ပိုက်လိုင်းတပ်ဆင်မှုလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

@Eleven

Sunday, September 25, 2011

ကျောက်ဖြူမြို့ ဒေးကျွန်းရေနက်ဆိပ်ကမ်းကို သတ်မှတ်ကာလတွင်း အပြီးတည်ဆောက်နိုင်ရေး ဆောင်ရွက်

ကျောက်ဖြူမြို့ ဒေးကျွန်းရေနက်ဆိပ်ကမ်းကို သတ်မှတ်ကာလတွင်း အပြီးတည်ဆောက်နိုင်ရေး ဆောင်ရွက်   


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကို သတ်မှတ်ကာလအတွင်း အပြီးသတ် တည်ဆောက်နိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ တည်ဆောက်လျက်ရှိရာ ကျွမ်းကျင်လုပ်သားများ ကိုလည်း နိုင်ငံခြားမှပင် ခေါ်ယူထားကြောင်း သိရှိရသည်။

ယင်းဆိပ်ကမ်းသည် ကျောက်ဖြူမြို့အရှေ့ဘက် ရှစ်မိုင်ခန့်အကွာ တွင်ရှိပြီး မုန်တိုင်းဖြစ်ပေါ်ခဲ့ပါက ခိုလှုံရန်ကောင်းသော ဒေသဖြစ်ပြီး  ကုလားဘာတောင်တွင်လည်း သင်္ဘောကျင်း တည်ဆောက်လျက်ရှိရာ ဒေသခံများအား နေ့စားလုပ်သားများအဖြစ် ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း၊လုပ်အားခနှင့်ပတ်သက်ပြီး အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက် ရေးစီမံကိန်းနှင့်အပြိုင် သွယ်တန်း နေသောရေနံတင်ပိုက်လိုင်းစီမံ ကိန်းရှိပိုက်လိုင်းအရှည်မှာ ကီလိုမီ တာ ၁၅၀၀ ခန့်ရှည်မည်ဖြစ်ပြီးဓာတ် ငွေ့ပိုက်လိုင်းမှာ ကီလိုမီတာ ၁၇၀၀ ကျော်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကီလိုမီတာ ၈၀၀ ၀န်းကျင်ခန့် ဖြတ်သန်းရမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လတွင်စတင် တင်ပို့မည်ဖြစ်ကြောင်း၊ ရွှေသဘာဝဓာတ် ငွေ့ကမ်းလွန်လုပ်ကွက်မှ ဓာတ်ငွေ့များကိုတင်ပို့မည်ဖြစ်ကြောင်းလည်း သိရသည်။

မဒေးကျွန်း(မြဒေးကျွန်း) ရေနက်ဆိပ်ကမ်း၏ ရေပြင်အကျယ်မှာပေ ၄၀၀၀ ခန့်ရှိပြီး အနက်ပေ ၆၀ ရှိကြောင်း သိရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အမေရိကန်အခြေစိုက် Central Gult Line  ကုမ္ပဏီမှ LASH (Lighter  Aboard Ship) သင်္ဘောကြီးသုံးစင်းစမ်းသပ်ဝင်ရောက် ခဲ့ဖူးသည်။ ရေစူး ၄၂ ပေ၊အလျား ၈၉၃ ပေ၊အနံ ၉၈ ပေနှင့်တန်ချိန် ၃၂၀၀ရှိသော Green Vallley သင်္ဘော နှင့် Green Harbour မှာလည်း အဆိုပါ ရေနက်ဆိပ်ကမ်းနေရာသို့ စမ်းသပ် ၀င်ရောက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ကုလားဘာတောင်သင်္ဘော  ကျင်းနှင့် မြဒေးကျွန် ရေနက်ဆိပ်ကမ်းသည် တောင်တန်းများအကြားတွင် တည်ဆောက်ထားခြင်းဖြစ်သဖြင့် ရာသီဥတုဒဏ်ကို ကောင်းစွာကာကွယ်နိုင်သော နေရာဖြစ်ကြောင်းနှင့် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ကုန်တင်သင်္ဘောများကို ဆိပ်ကမ်းတည်ဆောက်ရာ နေရာအနီးသို့တိုင် ခုတ်မောင်းနိုင်ကြောင်း သိရှိရသည်။

သားကြီးမြတ်(စစ်တွေ)

Credit to EMG

Saturday, September 24, 2011

၁၈ ယူနစ် မထွန်းမနေရ စနစ်ကြောင့် ကျောက်ဖြူတွင် လျှပ်စစ်မီးသုံးသူများ ဒုက္ခရောက်

by မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မီးလင်းရေး ကော်မီတီက လျှပ်စစ်မီးသုံးသူများအား (၁)လ ၁၈ ယူနစ် မသုံးမနေရ သုံးရမည်ဟု ပြုလုပ်ထားသော စနစ် ကြောင့် လျှပ်စစ်မီး သုံးစွဲသူများ ဒုက္ခရောက်နေကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာသည်မှာ ၆၃ နှစ် ရှိလာပြီ ဖြစ်သော်လည်း ကျောက်ဖြူ အပါအ၀င် ရခိုင်ပြည်နယ်မှ မြို့များအားလုံးမှာ EPC မှ ပေးသော မဟာဓါတ်အားလိုင်းများမှ ရရှိသော လျှပ်စစ်ကို ယနေ့ အချိန်ထိ အသုံးပြုခွင့် မရသေးဘဲ မြို့မီးလင်းရေးကော်မီတီမှ ပေးဝေသော ဒီဇယ်သုံး ဂျင်နရယ်တာမှ လျှပ်စစ်မီးများကို ဈေးကြီးပေးပြီး သုံးစွဲနေကြရသည်။

ကျောက်ဖြူဒေသခံတဦးဖြစ်သူ ဦးသန္တာမောင်က သူတို့မြို့တွင် လျှပ်စစ် သုံးစွဲသူများ ဒုက္ခ ရောက်နေကြရပုံကို နိရဉ္စရာသို့ ယခုလို ပြောသည်။

အစိုးရက ၂၅ ကျပ်နဲ့ ၁၀ ယူနစ် ခွင့်ပြုထားတယ်။ သူတို့က နောက်ထပ် ၈ ယူနစ်ကို ၅၀၀ ကျပ်ဈေးနဲ့ယူရမယ်။ စုစုပေါင်း (၁) လကို ၁၈ ယူနစ် အသုံးပြုရမယ်ဆိုပြီး အမိန့်ထုတ်ထားပါတယ် ဟု ပြောသည်။

ယခု ထုတ်ထားသော အမိန့်ကြောင့် လျှပ်စစ် သုံးစွဲသူများ အနေဖြင့် ပထမ (၁၀) ယူနစ် အတွက် ၂၅၀ ကျပ်၊ နောက်ထပ် (၈) ယူနစ်အတွင် ၄၀၀၀ ကျပ်၊ စုစုပေါင်း တစ်လ ၄၂၅၀ ကျပ် ပေးသွင်းနေကြရသည်ဟု သိရသည်။

သူတို့က ၁၈ ယူနစ်ကို မယူမနေရ၊ မသုံးမနေရ အမိန့်ထုတ်ထားတဲ့ အတွက် တစ်လ ၄၂၅၀၀ ကျပ်ပေးနေရတဲ့ အပြင် မီတာအိုး စောင့်ရှောက်ခ ဆိုပြီး အကြောင်းပြကာ ၀န်ဆောင်ခ ၁၀၀၀ ကျပ်စီ ကောက်ပါတယ်။ ဒါကြောင့် လျှပ်စစ် သုံးစွဲသူ မိသားစု တစ်စုဟာ တစ်လကို ၅၂၅၀ ကျပ် ပေးသွင်း နေကြရပါတယ်။

ယခု ပြုလုပ်သော စနစ်မှာ အပြင်ပန်းက ကြည့်လျှင် တယူနစ် ၂၅ ကျပ်ဆိုသဖြင် ဗမာပြည်မက တချို့ဒေသများထက် သက်သာသည်ဟု ထင်မြင်ရသော်လည်း ၁၀ ယူနစ်ထက်ပို သုံးပါက တယူနစ်ကို ၅၀၀ ကျပ် ယူထားသဖြင့် လျှပ်စစ်သုံးစွဲသူများကို ပိုမို အခက်အခဲတွေ့စေပြီး ပိုခေါင်းပုံ ဖြတ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ဦးသန္တာမောင်ကဆိုသည်။

အရင်က ဆိုရင် ခုလို သတ်မှတ်ချက် မရှိတဲ့ အတွက် လူတွေက မိမိနိုင်သလောက်ဘဲ လျှပ်စစ်မီးကို ချွေချွေတာတာနဲ့ အသုံးပြုကြတဲ့ အတွက် တစ်လ ၃၀၀၀ နဲ့ ၄၀၀၀ ကျပ် အကြားဘဲ ကုန်ပါတယ်။ အခု ပထမ ၂၅ ကျပ်နုန်း နဲ့ ၁၀ ယူနစ်၊ နောက်ထပ် ၅၀၀ ကျပ်နဲ့ (၈) ယူနစ် အပါအ၀င် မီတာအိုး စောင့်ရှောက်ခ ၁၀၀၀ ကျပ် ဆိုပြီး မိမိ သုံးသုံး၊ မသုံးသုံး ၅၂၅၀ ကျပ်ကို လကုန်ရင် ပေးသွင်း နေကြရတယ်။ အခု အစီအစဉ်ကြောင့် လူတွေ အကုန်လုံး ဒုက္ခရောက်နေကြရပါတယ် ဟု ပြောသည်။

အထူးသဖြင့် ဆင်းရဲသား ပြည်သူများကို ယခုစနစ်က ပို ဒုက္ခတွေ့စေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့တွင် ၇ မီတာအောက် သုံးစွဲသူများအတွက် တယူနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ပေးသွင်းရသည်ဟု စစ်တွေမြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

စစ်တွေမှာ သြဂတ်စ်လက စလို့ ၇ မီတာသုံးစွဲသူတွေဆီက တမီတာကို ၂၅ ကျန်နှုန်းနဲ့ ပေးသွင်းရပါတယ်။ ၇ မီတာထက်ကျော်ရင်တော့ ၄၄၀ ကျပ်နှုန်းနဲ့ ပေးသွင်းရပါတယ်။ ကိုယ်သုံးစွဲသလောက်ပဲ ပေးသွင်းရပါတယ်။ ဘယ်နှစ်ယူနစ်ထိ မထွန်းမနေရဆိုတာမျိုးတော့ မရှိပါဘူး။

ကျောက်ဖြူတွင် လျှပ်စစ်မီးကို ရွှေ သဘာဝဓါတ်ငွေ့စီမံကိန်းမှ လှူဒါန်းထားသော မီးစက်မှ တဆင့် ပေးဝေနေခြင်း ဖြစ်ပြီး လူ ၉ ယောက် ပါဝင်သော မီးလင်းရေး ကော်မီတီက အများပြည်သူပိုင် မီးစက်ကိုသုံးကာ လွန်ခဲ့သော သြဂတ်စ်လမှ စပြီး ၁၈ ယူနစ် မယူမနေရ အမိန့်ထုတ်လျှက် လျှပ်စစ်မီး သုံးစွဲသူများထံမှ ခေါင်းပုံ ဖြတ်နေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး ဦးသာလူချေအား ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့သဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဗမာပြည်မတွင် လျှပ်စစ် (၁) ယူနစ်ကို အိမ်သုံး ၂၈ ကျပ်၊ လုပ်ငန်းသုံး ၅၀ ကျပ်သာ ပေးဆောင် ရသော်လည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် တယူနစ်ကို ၄၀၀ ကျပ်၊ မြေပုံမြို့တွင် ၅၀၀ ကျပ်၊ သံတွဲမြို့ တွင် ၅၅၀ ကျပ်ထိ ပေးဆောင်နေကြရသဖြင့် ရခိုင်ပြည်သူများမှာ စီးပွားရေး အဆင် မပြေ သည့် ကြားထဲ မီတာဖိုးခ ကြီးမြင့်နေသဖြင့် " ဗူးလေးရာ ဖရုံဆင့်" ဆိုသလို ဖြစ်နေကြရသည်ဟု သတင်း ရရှိသည်။
@HB

Friday, July 29, 2011

ကျောက်ဖြူ အများပြည်သူပိုင် မြေကွက်များ ဗိုလ်ချုပ်ကြီးများ နာမည်ခံပြီး ဖေါ်ထုတ်ရောင်းစား

မောင်ရမ္မာ
------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ပြည်သူများ အသုံးပြုသော မြေကွက်များ အပါအ၀င် ပင်လယ် ကမ်းခြေရှိ နေရာကောင်းများကို စစ်ဗိုလ်ချုပ်ကြီးများ အမည်ခံ ဖေါ်ထုတ်ပြီး ရောင်းစားနေသည်ဟု သတင်း ရရှိသည်။

ဒေသခံ လူကြီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။


Kyauk-Pru-Air-Port ကျောက်ဖြူ လေယာဉ်ကွင်း ပတ်ပတ်လည်ရှိ မြေနေရာများအားလုံး စစ်ဗိုလ်ချုပ်များ လက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
" အခု ပင်လယ် ကမ်းခြေ တလျှောက် ယခင်က ဂေါက်ကွင်း၊ ကစားကွင်း၊ ပြည်သူတွေ အပန်းဖြေ အနားယူ နေတဲ့နေရာတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှမင်းက သူ့နာမည် ခံပြီးတော့ မြန်မာရွှေသရဖူ ကုမ္ပဏီ ( Myanmar Golden Crown ) ကုမ္ပဏီကို စပေါင် ဆာပေးပြီး လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ကျောက်ဖြူမြို့နယ်မှာ လပ ၃၉ (လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေ ၃၉) မရှိဘဲ ဘိုးစဉ်ဘောင်ဆက် ပြည်သူတွေ လုပ်ကိုင်စားသောက် နေကြတဲ့ မြေကွက်တွေ၊ ပြည်သူတွေ စုပေါင်း ပိုင်ဆိုင်ထားတဲ့ မြေကွက်လပ်တွေကို ဗိုလ်ချုပ်ကြီးတွေက လပ ၃၉ ဖေါက်ပြီးတော့ ပြန်လို့ ရောင်းစားနေပါတယ်။"

ယခုလက်ရှိ ဗိုလ်ချုပ်ကြီး လှမင်း နာမည်ခံထားသော မြေနေရာတွင် ဇူလိုင်လ ၁၅ ရက်နေ့က စပြီး MGC ခေါ် မြန်မာ့ ရွှေသရဖူ ကုမ္ပဏီက ပင်လယ်နှင့်ကားလမ်းကြားမှာ တည်ရှိသော မြေသားများကို တူးဖေါ်ပြီး မြေကွက် ဖေါ်ထုတ်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မြေများကို တူးဖေါ် ယူနေသောကြာင့် ကားလမ်းများ ပြိုကျနိုင်သလို လေယဉ်ကွင်းပါ ပျက်စီးသွားနှိင် ကြောင်း အဆိုပါ ဒေသခံက ယခုကဲ့သို့ပြောသည်။

" ပင်လယ်ရေအောက်က မြေတွေ၊ သဲတွေကို ယူတာကတော့ သိပ်အရေးမကြီးပါဘူး။ အခု ပင်လယ်နားနီးတဲ့ ကုန်းပေါ်က မြေကြီးတွေကို ယူပစ်ရင် ရေအောက်က ဂလိုဏ်ဆွဲပြီးတော့ ကားလမ်းတွေ ပြိုကျသွားနိုင်တယ်။ ကားလမ်း ပြိုရင် လေယဉ်ပျံကွင်းဖက်ကိုပါ ပြိုကျသွားနိုင်တယ်။ ဘာဖြစ်လို့လဲ အခုလုပ်နေတဲ့နေရာက လေယဉ်ကွင်းရဲ့ ထိပ်တည့်တည့်နေရာ ဖြစ်ပါတယ်။"

ယခုအခါ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေတလျှောက်ရှိ ပြည်သူများ ပိုင်ဆိုင်သော မြေကွက် လပ်များမှာ စစ်တပ် အရာရှိများလက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူက ယခုကဲ့သို့ ဆက် ပြောသည်။

" ကျောက်ဖြူမှာ ပင်လယ်ကမ်းတလျှောက်မှာရှိတဲ့ အများပြည်သူပိုင် မြေကွက် တခုမှ မရှိတော့ဘူး။ အကုန်လုံးကို အာဏာရှိတဲ့သူတွေက သူတို့မိသားစုတွေနဲ့ နာမည် ဖေါက်ပြီး ယူသွားကြတယ်။ ကျွန်တော် ရမ်းဗြဲကျွန်းမှာ ဆိုလို့ရှိရင် ရမ်းဗြဲ၊ ဇင်ချောင်း၊ ကျောက်ဖြူ၊ မင်းပြင် အဲဒါတွေဟာ ပင်လယ် ကမ်းခြေ တွေ ဖြစ်ပါတယ်။ အခု အဲဒီ ကမ်းခြေတွေမှာ နိုင်ငံခြားက ၀ယ်ဖို့ကောင်းတဲ့နေရာတွေ၊ စီးပွားရေး လုပ်ကိုင်လို့ ရမယ့် အချက်အချာနေရာတွေ အကုန်လုံးကို ဗိုလ်ချုပ် တွေက ချက်ချင်း လပ ၃၉ ( လယ်ယာမြေ ပိုင်ဆိုင်မှု ဥပဒေ ၃၉) ဖေါက်ပြီးတော့ ဗိုလ်ချုပ်တွေရဲ့ ဇနီး မိသားစုတွေ နာမည်ခံပြီး သူတို့ပိုင် လုပ်ထားလိုက်ကြပြီ ဖြစ်ပါတယ်။"

ယခုအခါ ကျောက်ဖြူမြို့နယ်တွင် နေရာကောင်းများကို စစ်ဗိုလ်များက နာမည်ခံပြီး ပြန်လည်ရောင်း စားနေကြသဖြင့် မြေကွက်ဈေးမှာလည်း တဖြည်းဖြည်း မြင့်တက်လာရာ ကျောက်ဖြူမြို့ အနီး ပတ်ဝန်းကျင်တွင် ယခုအခါ အတော်အသင့် ကြီးသော မြေကွက် တကွက်ဈေးနုန်းမှာ ကျပ်ငွေ သိန်း ၅၀၀ မှ ၁၀၀၀ ထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။


Credit to www.narinjara.com

Sunday, June 26, 2011

စည်းကမ်းမဲ့ စွန့်ပစ်ပစ္စည်းများဒဏ် ရခိုင်ဒေသခံများ မခံနိုင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ် လုပ်ငန်းခွင်များမှ ထွက်သော စွန့်ပစ်ပစ္စည်းများအား လူနေကျေးရွာအနီး၌ စည်းကမ်းမဲ့ စွန့်ပစ်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိဟု ဒေသခံများက ပြောသည်။


Deep_seaport_01
တည်ဆောက်ဆဲ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း (ဓာတ်ပုံ - ဧရာဝတီ)

ကျောက်ဖြူမြို့ ကံ့ကော်တော ဘုရားအနီး တည်ဆောက်နေသော သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ စီမံကိန်း လုပ်ငန်းခွင်များ၌ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံသား တရာကျော်နှင့် မြန်မာနိုင်ငံတွင်းမှ ကုမ္ပဏီတချို့၏ ၀န်ထမ်းများ နေထိုင်လုပ်ကိုင်ကြောင်း သိရသည်။
 “အဲဒီလူတရာကျော်ရဲ့ စားကြွင်းစားကျန်တွေ၊ အဲဒီလူတွေသုံးတဲ့ အိမ်သာက မိလ္လာတွေ၊ အသုံးအဆောင် စွန့်ပစ်ပစ္စည်းတွေကို ကံ့ကော်တော ဘုရားနဲ့ နီးစပ်နေတဲ့ အုန်းတောနဲ့ ဂုံးချိန် ရွာနားက ချောင်းထဲကို နေ့တိုင်းလာစွန့်ပစ်နေတယ်”ဟု အုန်းတောရွာသားတဦးက ဧရာဝတီကို ပြောသည်။

အဆိုပါ စွန့်ပစ် ပစ္စည်းများမှ ထွက်သော အနံ့ဆိုးများကြောင့် ရွာသားများသည် နေထိုင်မရအောင်ပင် ကြုံနေကြရကြောင်း၊ အထူးသဖြင့် မိုးရွာသောနေ့များတွင် ပိုမိုဆိုးရွားကြောင်း၊ ထို့ကြောင့် အုန်းတောရွာသား တရာဝန်းကျင်နှင့် ဒေသခံများ၊ ဒေသခံ သံဃာတော်များက စုပေါင်းလက်မှတ်ထိုး၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးများထံ ဇွန်လ ၁၄ ရက်နေ့တွင် တိုင်ကြားသော်လည်း ၎င်းတို့၌ ပြောဆို ဟန့်တားပိုင်ခွင့် မရှိဟု ပြန်လည်ပြောဆိုကြောင်း ဒေသခံများက ပြောပြသည်။

“ဒေသဆိုင်ရာတွေက တာဝန်ယူမှုမရှိလို့ ဇွန်လ ၁၈ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကို ထပ်မံတိုင်ပါတယ်။ ၀န်ကြီးချုပ် ကလည်း ဘာမှအရေးယူပြောဆိုတာ မရှိဘူး”ဟု အုန်းတောရွာခံက ဆိုသည်။

ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပြည်နယ်အစိုးရက အရေးယူမှုမရှိ၍ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည် တော်ရှိ ဗဟိုအစိုးရထံ ထပ်မံတိုင်ကြားသွားမည်ဟု ဒေသခံများက ပြောသည်။

“တိုင်စာတွေတော့ ရထားပြီးပါပြီ၊ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖို့ ဆောင်ရွက်နေပါတယ်၊ ပြည်နယ်အစိုးရ အနေနဲ့တော့ အရေး ယူမှု လုပ်နိုင်မယ်မထင်ဘူး၊ နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေမှာလည်းပဲ ဒီကိစ္စကိုပြောထားပါတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ကျောက်ဖြူမြို့ခံ ဦးဘရှင်က ပြော သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်နွယ်နေသောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ ပြည်တွင်း ၊ ပြည်ပ နိုင်ငံသားများ၊ အာဏာပိုင်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ဒေသခံပြည်သူလူထုအား ထိခိုက်နစ်နာ စေ မည့် ကိစ္စများ မဖြစ်ပေါ်စေရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဘရှင်က ဆိုသည်။

ကျောက်ဖြူမြို့အနီးရှိ မဒေးကျွန်းပေါ်မှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းမည့် မဒေးကျွန်းအနီးရှိ ပင်လယ်ပြင်၌ တည်ရှိသော ကျောက်ဆောင်၊ ကျောက်တန်း အများအပြားကိုလည်း ဒိုင်းနမိုက် ကိရိယာများအသုံးပြုကာ ဖြိုခွဲ ဖျက်ဆီး ခဲ့မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခဲ့သည့်အပြင် ရေနေ သတ္တ၀ါ အများအပြားကို သေဆုံးစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မရှိသေးကြောင်း၊ တာဝန်ရှိသူများ၏ စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာရွက်စာတမ်းများ၌ ရေးသားထားချက်များသည် ကောင်းမွန်သော်လည်း လက်တွေ့လိုက်နာမှု အားနည်းသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။

ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်နေသော လုပ်ငန်းခွင်များ၌ တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ တခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း(China National Petroleum Corporation-CNPC) ကုမ္ပဏီက ဦးဆောင်ကာ၂၀၁၀ ပြည့် နှစ် အောက်တိုဘာလမှ စ၍ အကောင်ထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဟု အစိုးရ သတင်းစာများ၌ ရေးသားခဲ့သည်။


Deep_seaport_02
ကျောက်ဖြူ ရေနက် ဆိပ်ကမ်း လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဧရာဝတီ)

ထိုစီမံကိန်းများပြီးစီးပါက ကျောက်ဖြူမြို့မှ တရုတ်နိုင်သို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစိမ်း စည် ၄၀၀၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

CNPC ကုမ္ပဏီ အပြင် PSC ကုမ္ပဏီ၊ MNG ၊ Hyundia Myint and Associate ၊ ဒေ၀ူး၊ မြန်မာ့ ရွှေသရဖူ၊ အေးရှားဝေါလ် စသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက လုပ်ဆောင်နေကြကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။

စီမံကိန်းလုပ်ငန်းခွင်များ၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ လုပ်အားခ ဖြတ်တောက် ခေါင်းပုံဖြတ်မှုများရှိနေပြီး ထိုကိစ္စများကို မကျေနပ်၍ သက်ဆိုင်ရာကို တိုင်ကြားခဲ့သည့် အလုပ်သမား ၁၀၀ ၀န်းကျင်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း ကိုဝင်းအောင် က ဆိုသည်။

ယင်းစီမံကိန်း လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေသော ဒေသခံ အလုပ်သမားတချို့၏အဆိုအရ ၎င်းတို့သည် မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ အလုပ်လုပ်ကြရပြီး တနေ့လုပ်အားခမှာ ကျပ် ၁၅၀၀ မှ ၂၅၀၀ သာ ရရှိကြောင်း၊ အလုပ်သမား တဦး အတွက် တရားဝင်လုပ်အားခကို ကျပ် ၅၀၀၀ ဟု သတ်မှတ်ထားသော်လည်း ဒေသ အာဏာပိုင်များနှင့်ကြီးကြပ်သူ မြန်မာနိုင်ငံ သားများက ခေါင်းပုံဖြတ်သည်ဟု သိရသည်။
Source:irrawaddy

Sunday, May 1, 2011

ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲ အရာရှိများပိုင် ပြည့်တံဆာခန်းက အဆိုးရွားဆုံးဖြစ်

4/30/2011


-------------

ထွန်းထွန်း

-------------

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဒေသအာဏာပိုင်များ ပူးပေါင်းဖွင့်လှစ်ထားသော ပြည့်တံဆာခန်း များထဲတွင် စစ်တပ် အရာရှိနှင့် ရဲအရာရှိများ ပိုင်ဆိုင်သော ပြည့်တံဆာခန်းမှာ အဆိုးရွားဆုံး ဖြစ်နေကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမှ အမည်မဖေါ်လိုသူ လူငယ်တဦးက “ အဓိက အဆိုးရွားဆုံး ဖြစ်နေတာက ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက် ရဲလှိုင်တန်း အနီး တန်းလျာဈေးမှာ ဖွင့်ထားတဲ့ ဆိုင်က အဆိုးဆုံး ဖြစ်နေတယ်။ ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ ရှေ့မှာ အလှပြင်ဆိုင်လိုလို အမည်ပြထားပြီး နောက်ကွယ်မှာ ပေါ်တင်ကြီးကို လုပ်နေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ဆိုင်ကို ဒုရဲအုပ်တစ်ဦးနှင့် ခလရ ၃၄ တပ်ရင်းက တပ်ရင်းမှူးတို့က ပူးပေါင်းပြီး လုပ်ကိုင်နေကြောင်း သူက ဆက်ပြောသည်။

“ ဗမာပြည်က အမျိုးသမီး ချောချောလေးတွေ ခေါ်ပြီး ဖွင့်ထားတာဖြစ်တယ်။ ပီးရင် ကျောက်ဖြူက သူတို့နဲ့ ဆက်စပ်တဲ့ ကျောင်းသူ တစ်ချို့လည်း အဲဒီ လုပ်ငန်းမှာ ပါဝင် ပတ်သက်နေတယ်လို့ သိရပါတယ်။ ကျောင်းသူတွေ ပါဝင်နေတော့ သူတို့က ဈေးကြီးခေါ်လို့ ရတယ်လို့ ပြောပါတယ်။ ရိုးရိုး သာမန် အမျိုးသမီး တစ်ဦးက တနာရီကို ၁၀၀၀၀၊ ကျောင်းသူတွေကတော့ ၂၀၀၀၀ ထိပေးရတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကတော့ ခေါင်းစဉ်အမျိုး မျိုး တပ်ပြီး ကျပ် ၅၀၀၀၀ ထိ ယူတယ်လို့ သိရပါတယ်” သူက ပြောသည်။

ကျောက်ဖြူမြို့တွင် နိုင်ငံခြား စီမံကိန်းများနှင့် အစိုးရ စီမံကိန်းများကြောင့် ပြည်တွင်း ဧည့်သည်များသာမက နိုင်ငံခြား ဧည့်သည်များပါ အထူး အ၀င်အထွက်ရှိရာ အနှိပ်ခန်း၊ အလှပြင်ခန်းများကို ပြပြီး မကောင်းမူ ပြည်တံဆာ လုပ်ငန်းများ လုပ်ကိုင်နေမူမှာ အထူး တွင်ကျယ်နေကြောင်း သိရသည်။

တခြား ပညာတတ် လူငယ် တစ်ဦးကလည်း “ ခုလို လုပ်ကိုင် စားသောက်နေတာ ဆိုင်ပေါင်းက ကျောက်ဖြူမှာ ၂၀ ထိရှိတယ်လို့ သိရပါတယ်။ တရုတ်တွေကတော့ ငွေတွေကို သုံးချင်သလို သုံးဖြုန်းနိုင်တဲ့အတွက် ဒီလိုလုပ်ငန်းက အထူးတွက်ခြေ ကိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ ဒီလုပ်ငန်းမှာ ပါဝင် ပတ်သက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းပြင် အဆိုပါ အမည်ခံ အလှပြင်ဆိုင်၊ အနှိပ်ခန်း ဆိုင်များမှ အမျိုးသမီးငယ်များကို တရုတ်များ အလုပ်လုပ်နေရာ ကျွန်းများနှင့် စီမံကိန်းများသို့ စက်လှေများဖြင့် အပတ်စဉ် ပို့ဆောင်နေကြသည်ဟုလည်း သိရသည်။

တခြား တဘက်တွင်လည်း အဆိုပါ ပြည့်တန်ဆာလုပ်များကြောင့် ဒေသခံ ပြည်သူများကို ထိခိုက်မူများ ရှိနေပြီး ညဆိုလျှင် ရပ်ကွက်များတွင် ဆူညံနေသဖြင့် မြို့လူထုကို အလွန်တရာ အနှောင့်အယှက် ထိခိုက်မူများ ရှိနေသည်ဟု သိရသည်။
ကျောက်ဖြူမြို့မှာ ယခင်က အလွန်အေးချမ်းသော မြို့တစ်မြို့ ဖြစ်ပြီး လူတိုင်း နေချင်ဖွယ်ရာ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ် ဖြစ်သော်လည်း ယခုအခါ အဆိုပါ လုပ်ငန်းများကြောင့် မြို့၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။


: ----------------------------------- ----------------------------------- ----------------------------------- :
Credit to နိရဉ္စရာ

Saturday, April 30, 2011

ဓာတ်ငွေ့သယ် ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး

ကိုဝိုင်း

ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၃၆ မိနစ်



“မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲ (ဓါတ်ပုံ မြန်မာ့အလင်း)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပါ မူဆယ်-လားရှိုး ရထားလမ်းပိုင်းကို ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဟု မြန်မာ-တရုတ် အစိုးရများအကြား ဗုဒ္ဓဟူးနေ့တွင် သဘောတူညီလိုက်သည်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ဒေသမှ ရေနံနှင့် ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းရန် ရည်ရွယ်တည်ဆောက်မည့် ကျောက်ဖြူ-မူဆယ် ပိုက်လိုင်းတလျှောက် ရထားလမ်းစီမံကိန်း၏ ပထမအဆင့်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာ၌ ကြာသပတေးနေ့တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် China Railway Engineering Corporation အကြား “မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို နေပြည်တော်၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ရာ၊ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။

China Railway Engineering Corporation ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Li Chang Jin ဦးဆောင်သည့် အဖွဲ့အပြင် မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ရှေ့နေချုပ်လည်း တက်ရောက်ကြသည်။

လက်ရှိအစိုးရ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ Zhao Deyi တို့က စာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

မူဆယ်-လားရှိုး ရထားလမ်းအရှည် မိုင် ၈ဝ ခန့်၊ တံတား ၄၁ စင်း၊ ဥမင်လိုဏ် ၃၆ ခု၊ ဘူတာ ၇ ခု တည်ဆောက်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် ၃ နှစ် ခန့်မှန်းထားကြောင်း သတင်းစာက ဆိုသည်။

စီမံကိန်းကုန်ကျငွေကို ယခင် စစ်အစိုးရက တရားဝင် ကြေညာခဲ့ခြင်း မရှိသော်လည်း တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘောဝလုပ်ငန်းတို့ အစုပိုင်သည့် ရေနံပိုက်လိုင်း တည်ဆောက်ရေးအတွက်ပင် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ ခန့်ကျော် ကုန်ကျမည်ဟု ရွှေဂတ်စ် လှုပ်ရှားမှု ရခိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ် လောင်စာပိုက်လိုင်းကုမ္ပဏီ China Petroleum Pipeline Bureau (CPP) က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး မဒေးကျွန်းမှ စတင်မည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံသို့ မူဆယ်မှ ဝင်ရောက်မည်။

“ပိုက်လိုင်းက ရှမ်းပြည်မြောက်ပိုင်းက လားရှိုး-မူဆယ်ကားလမ်းရဲ့ အရှေ့ဘက်အတိုင်း ဆင်းလာပြီး၊ ၁ဝ၅ မိုင်နားကနေ ဝမ်တိန်မြို့ဘက်၊ ကြူကုတ်-ပန်ဆန်းနဲ့ မူဆယ်မြို့ကြားကနေဝင်မှာ။ ရထားလမ်းက ရွှေလီအထိ ရောက်မယ်” ဟု တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ပိုက်လိုင်းဖြတ်မည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ တရုတ်နယ်စပ်ဆင်းသည့် လမ်းကြောပေါ်တွင် ကိုးကန့် လက်နက်ကိုင်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၄ တို့ အခြေစိုက် လှုပ်ရှားနေသော်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေး ပျက်မည်ကို လိုလားကြမည် မဟုတ်ဟု သူက သုံးသပ်သည်။

ရခိုင်ပြည်နယ်ဘက်တွင် ပိုက်လိုင်းဖြတ်မည့်လမ်းနှင့် မလွတ်ကင်းသည့် မြေယာများကို သိမ်းဆည်းရာ၌ နစ်နာသူများ ရှိသော်လည်း ရမ်းဗြဲကျွန်း ဖွံ့ဖြိုးလာမည်ကိုမူ ကြိုဆိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်က ပြောသည်။

“ဒါပေမဲ့ ကျောက်ဖြူမှာ ရခိုင်လူထု ပျောက်ပြီးမှ မန္တလေးလိုဟာမျိုးပေါ့ဗျာ၊ တရုတ်မြို့ကြီး ဖြစ်သွားပြီးရင် ရခိုင်တွေက တောင်ကုတ်လို ဂျိုင့်တွေ၊ တောင်တွေကြားကို ရောက်သွားပြီး လုပ်စားရမဲ့ ကိုင်စားရမဲ့ ဖြစ်သွားမှာကို ကျနော်တို့ ကြောက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်စခန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရေးစခန်း၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်ပြီး ကိုရီးယားပိုင် ဒေဝူးကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများက စတင်နေပြီဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်း အပြီးသတ်မည်ဟု တရားဝင် သတင်းများက ဆိုသည်။

အစိုးရအသစ်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကလည်း “တပ်မတော် အစိုးရ” လက်ထက်က မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ၂ နှစ်၊ ၃ နှစ်အတွင်း ပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဟု ပြောဆိုထားသည်။
တရုတ်နယ်စပ် မူဆယ်ဘက်တွင်မူ ရထားလမ်းသစ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသော်လည်း သံမဏိပိုက်လုံးရှည်များ ၁ဝ ဘီးကားများဖြင့် မြန်မာဘက် တင်ဆောင်နေသည်ကို ယခင်လမှစ၍ သတိထားမိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

credit to မဇ္စျိမသတင်း