Saturday, November 27, 2010

Saturday, November 20, 2010

လေဘေးသင့် ရွှေညိုမနှင့် ချောင်းဖျားကြီးကျေးရွာ ပြိုပျက်မည့် အနေထားဖြင့် ရင်ဆိုင်နေရ

11/20/2010
Adjust font size:

-------------
ထွန်းထွန်း
-------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အဝေးတွင်တည်ရှိသည့် ရွေညိုမ နှင့် ချောင်းဖျား ကျေးရွာ နှစ်ရွာမှာ လေဘေးဒဏ်ကို ခံခဲ့ရပြီးနောက် ယခုအခါ ရွာပြိုပျက်သွားမည့် အနေအထားဖြင့် ရင်ဆိုင်နေရကြောင်း ကျောင်းထိုင်ဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသည်။

ဆရာတော်က “ အခု ဒီမှာ ဆည်ထားတဲ့ တာတမံတွေ ကျိုးပေါက်သွားတဲ့ အတွက် စပါး စိုက်ထားတဲ့ လယ်ဧက ၁၇၀၀ စပါး တလုံး တစေ့မှ မရဘဲ ပျက်စီးသွားခဲ့ပါတယ်။ အဲဒီ တာတမံ တုတ်ထားတဲ့ ဆည်ကို ပြန်မဆည်နိုင်ရင် လုပ်ကိုင် စားသောက်စရာ မရှိတဲ့ အတွက် ရွှေညိုမနဲ့ ချောင်းကြီးဖျားကျေးရွာက ပြိုပျက် သွားနိုင်ပါတယ် တကာကြီး” ဟု ပြောသည်။

ယခုကဲ့သို့ မုန်တိုင်းကြောင့် ရွာသားများ မှီခိုအားထားရာ တာတမံ ဆည်ကြီး ပေါက်သွားသဖြင့် ဒီရေကြီးတိုင်း ရေများ လယ်ကွင်းသို့ ၀င်ရောက်နေပြီး အချိန်ကြာလာပါက ပိုပြီး ပျက်စီး သွားနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ဆည်ပေါက်သွားတဲ့ ကတည်းက မြို့နယ် မယကကို သွားတိုင်ထားပါတယ်။ ဒီနေ့ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသေးဘူး။ လုပ်ပေးဖို့ နေနေသာသာ သတင်းတောင် ဘာမှ မမေးဘူး။ ကျေးရွာသားတွေကလည်း စားစရာ ဆန်မရှိ နေစရာ အိမ်မရှိ ဖြစ်နေတဲ့ အချိန်မှာ ဒီဆည်ကြီးကို ပြန်လည် ဆည်ဖို့ ရေးကိုလ်ညး မလုပ်နိုင် မကိုင်နိုင် ဖြစ်နေပါတယ်။ ဒါကြောင့် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

ယခုလက်ရှိ အခြေအနေတွင် ရွှေညိုမ ကျေးရွာတွင် WFP မှ ထောက်ပံ့ပေးသော ဆန်များကို ရရှိနေပြီး ကျေးရွာသားများမှာ အဆိုပါ ဆန်ကို အဓိက မှီခို စားသောက်နေကြရသည်ဟု သိရသည်။ ကျန်းမာရေးမှာလည်း အဆိုပါ ကျေးရွာနှင့် ချောင်းဖျားကြီး ကျေးရွာတွင် ပြဿနာ မရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

တခြား ကျေးရွာ သား တစ်ဦးကလည်း “ ကျွန်တော်တို့ နေထိုင်တဲ့ ရွှေညိုမရွာနဲ့ အနီးနားတ၀ိုက်မှာ ချောင်းကြီးဖျား၊ ကွမ်းချောင်း နှင့် မြိုင်ချောင်းရွာဆိုပီး ရွာ ၄ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေမှာ ဆည်ကို မှီပီး လုပ်ကိုင် စားသောက်နေတဲ့ အိမ်ခြေပေါင်း ၄၀၀ ၀န်းကျင်ရှိတယ်။ ရွာအားလုံးက ဆည်မြောင်း တခုတည်းမှ ရေကိုမှီပြီး လုပ်ကိုင် စားသောက်နေရတာ ဖြစ်ပါတယ်။ ဆည်က အကြီးအကျယ် ကျိုးပေါက်သွားတဲ့ အတွက် လူတွေ တော်တော် ဒုက္ခရောက်နေကြရပါတယ်။ အစိုးရက မဆည်ရင် ရွာသားတွေ အနေနဲ့ ဒီတာတမံ ဆည်ကြီးကို ဆည်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စပါး စိုက်ပျိုး ရနိုင်မယ့် အခြေအနေမရှိရင် ဘယ်သူကမှ ဒီရွာတွေမှာ နေကြတော့မှာ မဟုတ်ပါဘူး။ အခုတောင် တချို့ မိသားစုတွေ ပြောင်းရွှေ့ဖို့ စီစဉ် နေကြပါပြီ“ ဟု ပြောသည်။

အဆိုပါ ဆည်တာတမံများမှ အစိုးရ ဆည်မြောင်း ဦးစီးဌာနမှ ဆည်ပေးထားသော ဆည်တာတမံများ ဖြစ်ကြသည်။

ယခု ပြောင်းရွှေ့ရမည့် အနေအထားသို့ ရောက်ရှိနေသော ရွှေညိုမကျေးရွာတွင် အိမ်ခြေပေါင်း ၂၈၃ အိမ်ရှိပြီး လူပေါင်း ၂၃၁၆ ဦးနေထိုင်ကြောင်းနှင့် ချောင်းဖျားကြီးကျေးရွာတွင် အိမ်ခြေပေါင်း ၂၆၀ ကျော်ရှိကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


@နိရဉ္စရာ

Wednesday, November 10, 2010

Tuesday, November 9, 2010

Cyclone Giri Relief Fund (Singapore)

http://cyclonegirirelieffund.blogspot.com/

We are a group of volunteers who come together to provide relief assistance to the victims of Cyclone Giri in Rakhine State, Myanmar, under the guidance of Mahamuni Buddhist Society Sayardaw U Thupiya.

Our group is made up of students and professionals from Myanmar in Singapore including the cyclone effected areas in Rakhine. We have direct contacts with relief groups in cyclone effected areas and are able to provide direct assistance to Cyclone Giri victims.

If you would like to make a donation to the victims of Cyclone Giri in Rakhine, Myanmar, you can directly transfer your fund to our
Cyclone GIRI Relief Fund Joint Account - POSB Saving 248-42328-5.

After transferring the donation, kindly drop a mail to -

myomyint.tun08@gmail.com, thant.zw@gmail.com, aungbomyint@gmail.com,
tunmyint.ytu@gmail.com

If you would like to know more about Cyclone Giri and about us, kindly follow the links below.

ကျောက်ဖြူလေဘေးသင့် ဒေသတွင် ၀မ်းလျော့ရောဂါကြောင့် လူ ၂ ဦးသေဆုံး

11/8/10

------------
ထွန်းထွန်း
------------

Cyclone-giri-damage-Arakan-Burma

ရခိုင်လေဘေး ဒုက္ခသည်များ ယခုအချိန်ထိ အမိုးအကာမရှိသော တဲများတွင် နေထိုင်နေကြရဆဲ

လေဘေးသင့် ဒေသ တစ်ခု ဖြစ်သော ကျောက်ဖြူမြို့မှ မိုင် ၈၀ အကွာ ကမ်းထောင့်ကြီးရင်း စိတ္တရ ကျေးရွာအုပ်စု စိတ္တရကျေးရွာတွင် လူ ၂ ဦး ၀မ်းရောဂါနှင့် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

“ အခုဝင်လာတဲ့ သတင်းအရ စိတ္တရ ကျေးရွာမှာ ၀မ်းရောဂါနဲ့ လူ နှစ်ဦး ဆုံးပီး လူ ၄၀ ရောဂါ ခံစားနေရတယ်လို့ သတင်း ရရှိပါတယ်။ အချိန်မှီ ဆေးဝါး မကုသနိုင်ဘူးဆိုရင် အခြေအနေက ဒီထက် ပိုဆိုးသွားနိုင်ပါတယ်” ဟု လူမူ ကယ်ဆယ်ရေး လုပ်နေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ အဆိုပါဒေသတွင် ၀မ်းရောဂါ ဆိုးဆိုးရွားရွားခံစားနေကြရပြီး မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြု ရခြင်းနှင့် အမိုးအကာမရှိသော ယာယီတဲများတွင် နေထိုင်နေကြရာမှ ယခုကဲ့သို့ ၀မ်းရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

“ အခု ရောဂါ ဖြစ်ပွားနေတဲ့ ဒေသက ပင်လယ် ကမ်းစပ်နီး ဒေသတွေ ဖြစ်ပါတယ်။ အခုအချိန်ထိ လူပေါင်း ၅၀၀ ခန့်ဟာ အမိုးအကာ မရှိတဲ့ ယာယီတဲတွေမှာ နေထိုင် နေကြရတုန်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဖြစ်နေတော့ သူတို့ကို ဘယ်သူမှ ခုချိန်မှာ အရေးစိုက်မူတွေ လုပ်တာ မရှိဘူး။ ကျန်းမာရေး စောင့်ရှောက်မူလည်း မရှိဘူးလို့ သိရပါတယ်” ဟု သူက ပြောသည်။

နဖအ စစ်အာဏာပိုင်များသည် ရွေးကောက်ပွဲ အပေါ်သာ အဓိက အာရုံ စူးစိုက်နေပြီး ဒေသ အာဏာပိုင်များမှလည်း ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ အနိုင်ရရေးကိုသာ လုံးပန်းထုတ်နေသဖြင့် များမကြာမှီက တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် ဘ၀ ပျက်ခဲ့ရသည့် လေဘေး ဒုက္ခသည်များ အပေါ် တစုံတရာ အလေးထားခြင်း မရှိတော့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ လေဘေးသင့် ဒေသများတွင် များစွာသော ပြည်သူများမှာ စားနပ်ရိက္ခာ အထောက်အပံ့ အလုံအလောက် မရရှိခြင်း၊ အမိုးအကာ မရှိသော နေရာများတွင် နေထိုင်နေရခြင်း၊ သောက်ရေ သုံးရေ ရှားပါး ပြတ်လပ်နေခြင်းများနှင့် ရင်ဆိုင် နေကြရကြောင်း သတင်း ရရှိသည်။

@နိရဉ္စရာ

ကျောက်ဖြူတွင် ရခိုင်ပါတီ အောင်ပွဲခံ

11/8/2010

------------
ထွန်းထွန်း
------------
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စပြီး ရွေးကောက်ပွဲတိုင်းတွင် တကြိမ် တခါမျှ ဒေသ အခြေစိုက် ရခိုင် ပါတီများ မနိုင်ဘူးသော ကျောက်ဖြူမြို့နယ်တွင် ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီမှ ယခု ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် သမိုင်းဝင် အောင်ပွဲ ခံလိုက်ပြီ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘရှိန်က ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရှုံးနိမ့်ခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ လွှတ်တော်နေရာ ၄ နေရာ စလုံးတွင် အနိုင်ရရှိခဲ့ဟု သူက ပြောသည်။

လက်ရှိ ရရှိသော စာရင်းအရ အမျိုးသားလွတ်တော် နေရာတွင် ဦးအုန်းတင်- ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီမှ မဲ - ၂၀၅၈၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ဘက် ကြံ့ဖွံ့ ပါတီမှာ ဦးအောင်တင်သိန်းမှာ - မဲ ၁၇၀၇၀ ရရှိခဲ့ကာ တစည ပါတီမှ ဦးဖိုးမြတ်ဦးမှာ မဲ - ၄၉၆၀ ရရှိခဲ့သည်။

ပြည်သူ့ လွတ်တော် နေရာတွင်လည်း ဦးဘရှိန်- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ- မှ မဲ ၂၂၉၇၅ ဖြင့် အနိုင် ရရှိခဲ့ပြီး ကြံ့ဖွံ့မှ ဦးဝေခိုင်မှာ - မဲ ၁၄၆၂၆ ရရှိကာ တစညမှ ဦးစံကျော်ရွှေမှာ မဲ ၅၁၀၃ ရရှိခဲ့သည်။

ပြည်နယ်လွတ်တော် အမှတ် (၁) နေရာတွင်လည်း ဦးကျော်လွင် - ရခိုင် တိုင်းရင်းသား များ တိုးတက်ရေး ပါတီမှ မဲ- ၁၀၂၁၈ ဖြင့် အနိုင်ရရှိခဲ့ပြီး ကြံ့ဖွံ့မှ ဦးသန်းအေး မှာ မဲ - ၈၅၇၅ ရရှိကာ တစညမှ ဦးခင်ရွှေ မဲ- ၃၀၉၆ ရရှိခဲ့သည်။

အလားတူ ပြည်နယ်လွတ်တော် အမှတ် (၂) ဦးတင်ဖေ - ရခိုင်တိုင်းရင်းသာများ တိုးတက်ရေး ပါတီမှ မဲ- ၁၀၈၁၄ ဖြင့် အနိုင် ရရှိကာ ကြံ့ဖွံ့မှ ဦးနန်းအောင်ထွန်းမှ မဲ ၇၆၂၃ ရရှိကာ တစညမှ ဦးထွန်းမြတ်မှာ မဲအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို လူငယ် အများစုက တခဲနက် မဲပေးခဲ့ကြသည်ဟု သိရသည်။

@နိရဉ္စရာ