Tuesday, November 9, 2010

ကျောက်ဖြူလေဘေးသင့် ဒေသတွင် ၀မ်းလျော့ရောဂါကြောင့် လူ ၂ ဦးသေဆုံး

11/8/10

------------
ထွန်းထွန်း
------------

Cyclone-giri-damage-Arakan-Burma

ရခိုင်လေဘေး ဒုက္ခသည်များ ယခုအချိန်ထိ အမိုးအကာမရှိသော တဲများတွင် နေထိုင်နေကြရဆဲ

လေဘေးသင့် ဒေသ တစ်ခု ဖြစ်သော ကျောက်ဖြူမြို့မှ မိုင် ၈၀ အကွာ ကမ်းထောင့်ကြီးရင်း စိတ္တရ ကျေးရွာအုပ်စု စိတ္တရကျေးရွာတွင် လူ ၂ ဦး ၀မ်းရောဂါနှင့် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

“ အခုဝင်လာတဲ့ သတင်းအရ စိတ္တရ ကျေးရွာမှာ ၀မ်းရောဂါနဲ့ လူ နှစ်ဦး ဆုံးပီး လူ ၄၀ ရောဂါ ခံစားနေရတယ်လို့ သတင်း ရရှိပါတယ်။ အချိန်မှီ ဆေးဝါး မကုသနိုင်ဘူးဆိုရင် အခြေအနေက ဒီထက် ပိုဆိုးသွားနိုင်ပါတယ်” ဟု လူမူ ကယ်ဆယ်ရေး လုပ်နေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ အဆိုပါဒေသတွင် ၀မ်းရောဂါ ဆိုးဆိုးရွားရွားခံစားနေကြရပြီး မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြု ရခြင်းနှင့် အမိုးအကာမရှိသော ယာယီတဲများတွင် နေထိုင်နေကြရာမှ ယခုကဲ့သို့ ၀မ်းရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

“ အခု ရောဂါ ဖြစ်ပွားနေတဲ့ ဒေသက ပင်လယ် ကမ်းစပ်နီး ဒေသတွေ ဖြစ်ပါတယ်။ အခုအချိန်ထိ လူပေါင်း ၅၀၀ ခန့်ဟာ အမိုးအကာ မရှိတဲ့ ယာယီတဲတွေမှာ နေထိုင် နေကြရတုန်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဖြစ်နေတော့ သူတို့ကို ဘယ်သူမှ ခုချိန်မှာ အရေးစိုက်မူတွေ လုပ်တာ မရှိဘူး။ ကျန်းမာရေး စောင့်ရှောက်မူလည်း မရှိဘူးလို့ သိရပါတယ်” ဟု သူက ပြောသည်။

နဖအ စစ်အာဏာပိုင်များသည် ရွေးကောက်ပွဲ အပေါ်သာ အဓိက အာရုံ စူးစိုက်နေပြီး ဒေသ အာဏာပိုင်များမှလည်း ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ အနိုင်ရရေးကိုသာ လုံးပန်းထုတ်နေသဖြင့် များမကြာမှီက တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် ဘ၀ ပျက်ခဲ့ရသည့် လေဘေး ဒုက္ခသည်များ အပေါ် တစုံတရာ အလေးထားခြင်း မရှိတော့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ လေဘေးသင့် ဒေသများတွင် များစွာသော ပြည်သူများမှာ စားနပ်ရိက္ခာ အထောက်အပံ့ အလုံအလောက် မရရှိခြင်း၊ အမိုးအကာ မရှိသော နေရာများတွင် နေထိုင်နေရခြင်း၊ သောက်ရေ သုံးရေ ရှားပါး ပြတ်လပ်နေခြင်းများနှင့် ရင်ဆိုင် နေကြရကြောင်း သတင်း ရရှိသည်။

@နိရဉ္စရာ

No comments: