Tuesday, March 23, 2010

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ပိုက်လိုင်းတစ်လျောက်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလု


ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ၏ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့်ပိုက်လိုင်းတစ်လျောက်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ အဆိုပြုထားကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရုံး မှ သတင်းရရှိပါသည်။


ပိုက်လိုင်းသွယ်တန်းမည့် နေရာတစ်လျောက်ရှိ ရပ်ရွာအသိုင်းအ၀ိုင်းနှင့် ဒေသအာဏာပိုင်များအတွက် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရန် သက်ဆိုင်ရာအား အဆိုပြုထားခြင်း ဖြစ်ကြောင်းသိရသည်။


အဓမ္မခိုင်းစေမှု ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောဆန္ဒနှင့် ဆန့်ကျင်လျက် ထိုသူ လိုက်နာခြင်း သို့မဟုတ် ပူး ပေါင်းဆောင်ရွက်ခြင်း မရှိပါက ပြစ် ဒဏ်တစ်စုံတစ်ရာ ပေးခြင်း ခံရလိမ့် မည်ဆိုသော ခြိမ်းခြောက်မှုအောက် တွင် ခိုင်းစေခြင်းခံရသော မည်သည့် အလုပ်မျိုးကိုမဆို ဆိုလိုကြောင်း သိ ရသည်။


မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲနားလည်မှုစာလွှာကို မြန်မာနိုင်ငံအစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံး တို့က တစ်နှစ် ထပ်မံသက်တမ်းတိုးရန် ပြီးခဲ့သည့်ဇန်န၀ါရီလက သဘောတူညီခဲ့ကြသည်။


နောက်ဆက်တွဲ နားလည်မှုစာလွှာသည် တိုင်ကြားသူများ၊ အဓမ္မ စေခိုင်းခံရသူများ၊ တိုင်ကြားချက် တင်ပြခြင်းနှင့် ဆက်နွှယ်နေသော အခြားပုဂ္ဂိုလ်များကိုနှောင့်ယှက်ခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်စားချေခြင်း၊ လက်တုံ့ပြန်အရေးယူခြင်းများမှ အကာအကွယ်ရရှိနိုင်ရန် အာမခံချက်ပေးထားကြောင်း သိရသည်။


တိုင်ကြားမှု ပြုလုပ်ရန် နည်းလမ်း မြောက်မြားစွာရှိကြောင်းနှင့် ပဏာမတိုင်ကြားမှုကို ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ခရိုင်အဆင့် ဒေသ ဆိုင်ရာအာဏာပိုင်များမှ တစ်ဆင့် ပြုလုပ်နိုင်ကြောင်း၊ အကယ်၍ အဆိုပါ ချဉ်းကပ်ပုံနည်းလမ်းကို အသုံးပြုရန် အခြေအနေမပေးပါက အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိနှင့် ဆက်သွယ်၍ တိုင်ကြားမှု ပြုလုပ်နိုင်ကြောင်း သိရသည်။


ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးသည် အဓမ္မခိုင်းစေမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ဘားအံ၊ လား ရှိုး၊ စစ်ကိုင်း၊ စစ်တွေနှင့် ကချင်ပြည်နယ်တို့၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အဓမ္မခိုင်းစေမှုအချို့ ရှိခဲ့သည့်အတွက် သက်ဆိုင်ရာက အရေးယူအပြစ်ပေးခဲ့မှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း ကမ်းလွန်လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ကုဗပေ ၄ ဒသမ ၅ ထရီလျံမှ ၇ ဒသမ ၇ ထရီလျံကြား ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး စီမံကိန်းမှ နှစ်ပေါင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း တစ်နေ့လျင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။


တောင်ကိုရီးယား ဟွန်ဒိုင်း အကြီးစားစက်မှုလုပ်ငန်းက ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ၏အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံတန်ဖိုးရှိသော ပိုက်လိုင်း၊ ဆိပ်ကမ်းအပါအ၀င် ဆက်စပ်လုပ်ငန်းများကို တည်ဆောက်မည်ဖြစ်ပြီး ဒေ၀ူးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီသည် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ရရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလတွင် စတင် တင်ပို့နိုင်ရန်မျော်မှန်းထားကြောင်း သိရသည်။


ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် A-1 နှင့် A-3 တွင် သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေနေသည့် အဖွဲ့တွင် ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်း၊ အိန္ဒိယ Oil and Natural Gas Corp ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE )၊ အိန္ဒိယ GAIL နှင့် တောင်ကိုရီးယား Korea Gas Corporation တို့က အစုရှယ်ယာများ ပါဝင်ထားကြောင်း သိရသည်။


Source from First-11
http://www.first-11.com/index.php?option=com_content&view=article&id=2408:2010-03-21-08-28-47&catid=42:2009-11-10-07-36-59&Itemid=112

No comments: