Friday, October 22, 2010

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်၊ အရေးပေါ်အညိုရောင်အဆင့်ရောက်ရှိပြီ



ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိသည် လက်ရှိတွင် အရေးပေါ်အညိုရောင်အဆင့်တွင်ရှိနေပြီး မုန်တိုင်း၏ဗဟိုချက်မ၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ မှ မိုင် ၁၂၀ အထိရှိနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းဒီရေ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။ မြေပြိုမှု များဖြစ်ပေါ်နိုင်သည့်အတွက်လည်း တောင်စောင်း၊ မြေနိမ့်နေသူများ သတိပြုရန် နှိုးဆော်ထားသည်။
ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ အထိ တိုက်ခတ်နိုင်ကာ မြစ်ဝကျွန်းပေါ်ဒေသတွင် ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း သိရှိရသည်။

"လေကတော့ ၃ နာရီလောက်မှာ ပြင်းပြင်းတိုက်လာတယ်။ ၅ နာရီခွဲလောက်အထိ တိုက်တယ်။ နောက်ပိုင်းတော့ လေနည်းနည်း လျော့သွားတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်တော့ တိုက်နေတုန်းပါပဲ။ လုံးဝမငြိမ်သေးပါဘူး။ အိမ်တွေတချို့ပြိုတယ်။ အမိုးတွေလန်တယ်။ သစ်ပင်တွေပြိုတယ်"ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦး က အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
@Eleven Media Group

Thursday, October 21, 2010

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ မုန်တိုင်းငယ် ဖြတ်ကျော် ၀င်ရောက်နိုင်

နာရီ အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ မုန်တိုင်းငယ် ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းထား

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ နောက် ၃၆ နာရီအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တည်ရှိနေခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များ အရ သိသိသာသာ ရွေ့လျားလာခြင်း မရှိဘဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့် အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ပိုမို အားကောင်းလာနိုင်ကာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အကြားမှ ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မုန်တိုင်းငယ်သည် လက်ရှိ၌ လိမ္မော်ရောင်အဆင့် ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည် ရွေ့လျားမည့် အခြေအနေဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း ဒေသ တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု သိရှိရသည်။

ပင်လယ်ကမ်းရိုးတန်းဒေသ ကမ်းနီးကမ်းဝေး ပင်လယ်ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို သတိပြုသင့်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဆိုထားသည်။
@Eleven Media Group

Sunday, October 10, 2010

ကျောက်ဖြူ ရပ်ကွက် တချို့ ရေနစ်

10/8/2010
-------------
ထွန်းထွန်း
-------------
ရခိုင်ပြည်နယ် တ၀န်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းပြီး ဒီရေများ မြင့်တက်နေမှုကြောင့် ကျောက်ဖြူမှ ရပ်ကွက် တချို့တွင် ရေနစ်နေကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။

ကျောက်ဖြူက လူငယ် တစ်ဦးက “ အိမ်ခြေ ၆၀ ခန့် ရေထဲနစ်နေပါတယ်။ လူပေါင်း ၄၀၀ လောက်တော့ အခက်အခဲ ရောက်နေပါတယ်။ ရပ်ကွက်သုံးခု ဖြစ်တဲ့ သန်ဗ္ဗာန်ချောင်း၊ မြစ်နားတန်းနဲ့ ပိုက်ဆိပ်ရပ် ကွက်က လူတွေ ဖြစ်ကြပါတယ်” ဟု သူက ပြောသည်။

မိုး ၃ ရက်ခန့် ဆက်တိုက် ရွာနေသဖြင့် မြစ်နားတန်း ရပ်ကွက်တွင် ရေအမြင့်ပေ ၄ ပေထိ မြင့်တက်နေပြီး စိုးရိမ် ရေမှတ်ကို ကျော်နေသည်ဟု မြို့ခံတဦးက ပြောသည်။

မိုးဆက်လက် ရွာသွန်းနေပါက နောက်ထပ်အိမ် ခြေ ၅၀ ကနေ ၇၀ အထိ ရေထဲနစ်မြုပ်နိုင်ကြောင်း သူက ပြောသည်။

လက်ရှိ အခြေအနေတွင် ရေနစ်ခံနေရသူ မိသားစုများကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက တစုံတရာ ကူညီ ပေးခြင်း မရှိသေးကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

@နိရဉ္စရာ

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းမကြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ် အကောင်အထည်ဖော် သွားရန်ရှိ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းမကြီးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် အကောင်အထည် ဖော်သွားရန်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြူ-ကူးမင်း ရထားလမ်းမကြီးသည် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဆောင်ရွက်သွားရန်ရှိသည့် ကျောက်ဖြူ- ရွှေလီစင်္ကြံ လမ်းမကြီး စီမံကိန်းတွင် ပါဝင်ဖွယ်ရှိပြီး မြန်မာနိုင်ငံတွင် ဖောက်လုပ်ဆဲဖြစ်သည့် အမျိုးသား မီးရထားလမ်းမကြီး ကွန်ရက်တွင် ပါဝင်နေသည့် ရထားလမ်းကွန်ရက်များနှင့်လည်း ချိတ်ဆက် ဖောက်လုပ်သွားဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါ ရထားလမ်းမကြီးသည် လက်ရှိ မြန်မာနိုင်ငံအတွင်း၌ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်တို့အား ဖြတ်သန်း ဖောက်လုပ်ပြီး၊ ဖောက်လုပ်ဆဲ ရထားလမ်းပိုင်းများကိုလည်း အဓိက အသုံးပြုသွားဖွယ် ရှိသည်ဟု သိရသည်။
ကျောက်ဖြူ-ကူမင်း ရထား လမ်းမကြီးသည် တရုတ်နိုင်ငံမှ ပင်လယ်ရပ်ခြားသို့ တင်ပို့မည့် အဓိကကုန်စည်များ ဖြတ်သန်းစီး ဆင်းမည့် လမ်းမကြီးဖြစ်လာမည့် အတွက် မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ကုန်သေတ္တာစခန်းများ၊ ကုန်လှောင်ရုံများ အများအပြား ပေါ်ပေါက်လာဖွယ်ရှိ ...

ရခိုင်ပြည်နယ်တွင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိရာ ကျောက်ဖြူမြို့နှင့် မင်းဘူး-အမ်း-မင်းပြား- မြောက်ဦး- ကျောက်တော်- ပုဏ္ဏားကျွန်း- စစ်တွေ- ရထားလမ်းမကြီးမှ မင်းဘူး- ပဒန်း - အမ်းလမ်းပိုင်းနှင့် ချိတ်ဆက်သွားဖွယ် ရှိသည်ဟုလည်း သိရသည်။ ယင်း မင်းဘူး- ပဒန်း- အမ်းလမ်းပိုင်း မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ လမ်းပိုင်းအသစ်တစ်ခု ဖောက်လုပ်သွားဖွယ်ရှိသည်ဟု သိရသည်။

မင်းဘူး-ပဒန်း-အမ်းလမ်းပိုင်းသည် ၉၅ မိုင်ခန့်ရှိကြောင်း သိရသည်။ ကျောက်ဖြူ- အမ်း- မင်းဘူး ရထားလမ်းပိုင်းသစ် ပေါ်ထွန်းလာပါက မင်းဘူး- မကွေး- မန္တလေး- လားရှိုး- မူဆယ်ရထားလမ်းနှင့် ထပ်မံ ချိတ်ဆက်သွားမည် ဖြစ်သည်ဟု သိရသည်။ မူဆယ်မြို့မှ တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ နိုင်ငံဖြတ်ကျော် ရထားလမ်း ဖောက်လုပ်သွားရန် စီမံကိန်းတစ်ရပ်ကိုလည်း ရေးဆွဲထားဖြစ်ရာ မူဆယ်-ကျယ်ဂေါင် ရထားလမ်းပိုင်းကိုပါ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မည် ဆိုပါက မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ ချိတ်ဆက်နိုင်ပြီဖြစ်ရာ အဆိုပါ ရထားလမ်းမကြီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ကုန်းတွင်းကုန်စည် စီးဆင်းနိုင်သည့် လမ်းကြောင်းကြီး တစ်ခုဖြစ်လာမည်ဟု သိရသည်။ အဆိုပါ ရထားလမ်းစီမံကိန်းကြီး ပြီးစီးသွားပါက မကွေးမြို့နှင့် မန္တလေးမြို့တို့သည် အချက်အချာကျသည့် မြန်မာနိုင်ငံအထက်ပိုင်း၏ စီးပွားရေးမြို့တော်ကြီး ဖြစ်လာမည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ကျောက်ဖြူ-ကူမင်း ရထား လမ်းမကြီးသည် တရုတ်နိုင်ငံမှ ပင်လယ်ရပ်ခြားသို့ တင်ပို့မည့် အဓိကကုန်စည်များ ဖြတ်သန်းစီး ဆင်းမည့် လမ်းမကြီးဖြစ်လာမည့် အတွက် မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ကုန်သေတ္တာစခန်းများ၊ ကုန်လှောင်ရုံများ အများအပြား ပေါ်ပေါက်လာဖွယ်ရှိသည်ဟု သိရသည်။ ယင်းအပြင် ကျောက်ဖြူမြို့တွင်လည်း အထူးစက်မှုဇုန်ကြီး တစ်ခု ထူထောင်ရန်ရှိပြီး တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် သွားမည်ဟုလည်း သိရသည်။
@Eleven Media Group